မန္တလေးမှာ အိမ်စီးကားနဲ့သွားနေတဲ့ စစ်အုပ်စု ဗုံးပစ်ခံရ

၃၀၊ အောက်တိုဘာလ၊ ၂၀၂၁။

မဟာအောင်မြေမြို့နယ် သံလျက်မှော် အနောက်ရပ်ကွက်မှာ အိမ်စီးကားနဲ့ ကင်းလှည့်နေတဲ့ အကြမ်းဖက်စစ်အုပ်စုဝင်တွေရဲ့ မော်တော်ယာဉ်တစ်စီး ဗုံးပစ်တိုက်ခိုက်ခံရပြီး တစ်ဦးသေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီကနေ့ အောက်တိုဘာလ ၃၀ရက်နေ့ မနက်၉နာရီခန့်မှာ သံလျက်မှော် အနောက်ရပ်ကွက် သားသတ်ရုံးအနီးမှာ ဗုံးပစ်တိုက်ခိုက်ခံခဲ့ရတာလို့ သိရပါတယ်။

“အဲ့ကားက စစ်သားတွေအမြဲပါလာပြီး ကင်းလှည့်နေတာကြာပြီ ဒီကနေ့မှ ဗုံးပစ်ခံလိုက်ရတာ၊ ကားတစ်စီးလုံး အတော်ထိသွားတယ်၊ ကားပေါ်ကတစ်ယာက်ကလည်း မျက်နှာလုံးဝပျက်သွားပြီး သေသွားတယ်၊ နှစ်ယောက်ဒဏ်ရာရသွားတယ်”လို့ ဒေသခံတစ်ဦးကပြောပါတယ်။

ဗုံးပေါက်ကွဲမှုကြောင့် အနီးဝန်းကျင်မှာရောက်ရှိနေတဲ့ အမျိုးသားနှစ်ဦးနဲ့ အမျိုးသမီးတစ်ဦးပါ ထိခိုက်ဒဏ်ရာ အနည်းငယ် ရရှိခဲ့တယ်လို့ သိရပါတယ်။

ပေါက်ကွဲမှုဖြစ်စဉ်အပြီးမှာ အကြမ်းဖက်စစ်အုပ်စုက ချက်ခြင်းရောက်ရှိလာပြီး ပိတ်ဆို့စစ်ဆေးမှုတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

ဓာတ်ပုံ-CJ