NLD နာယကဦးဝင်းထိန်ကို ထောင်ဒဏ် အနှစ်၂၀ အမိန့်ချ

၂၉၊ အောက်တိုဘာလ၊ ၂၀၂၁။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)နာယက ဦးဝင်းထိန်ကို နေပြည်တော်မှာရှိတဲ့တရားရုံးတစ်ခုက ထောင်ဒဏ်အနှစ် ၂၀ အမိန့်ချခဲ့တယ်လို့ Myanmar Now သတင်းဌာနကဖော်ပြချက်အရ သိရပါတယ်။

နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၁၂၄ – က နဲ့ ဒီနေ့ မှာ အမြင့်ဆုံးပြစ်ဒဏ်  အမိန့်ချလိုက်တာပါ။

အကြမ်းဖက်စစ်အုပ်စုအာဏာသိမ်းခဲ့တဲ့ ဖေဖေါ်ဝါရီ၁ရက်နေ့မှာ မီဒီယာတွေနဲ့တွေ့ဆုံစဉ် ဦးဝင်းထိန်က စစ်တပ်ကအာဏာသိမ်းတာဟာ လုပ်သင့်လုပ်ထိုက်တဲ့ ကိစ္စမဟုတ်ဘူးလို့ ပြောကြားခဲ့တဲ့အပေါ် ဖမ်းဆီးတရားစွဲခဲ့တာလို့ Myanmar Now သတင်းဌာနက ဖော်ပြပါတယ်။

ရန်ကုန်အခြေစိုက်တရားလွှတ်တော်ရှေ့နေတစ်ဦးက ‘အလုံပိတ်စစ်ဆေးတဲ့တ ရားစီရင်ရေးပေါ့။ဘယ်သူမှ ဘာမှ မသိလိုက်ဘူး။ဒီတရားစီရင်ရေးနဲ့ပတ်သက်ပြီး ဘာမှ အထွေအထူး ထပ်ပြောစရာမလိုပါဘူး။ပြည်သူအားလုံး သိပါတယ်’လို့ ပြောပါတယ်။

ဦးဝင်းထိန်ကို အခုလိုပြစ်ဒဏ်ချတာဟာ မြန်မာ့အရေးနဲ့ပတ်သက်ပြီး ဘယ်သူ့ကိုမှ ဂရုမစိုက်ဘဲ ကိုယ်လုပ်ချင်ရာလုပ်မယ့်အကြောင်း နိုင်ငံတကာကို သတင်းပေးပို့ချက်ဖြစ်တယ်လို့လည်း သူကဆက်ပြောပါတယ်။

ဦးဝင်းထိန်ကိုအချုပ်သားဘဝမှာ နေပြည်တော်အချုပ်ထောင်မှာ ထားပြီး အခုထောင်ချပြီးတဲ့နောက် ဘယ်အကျဉ်းထောင်ကိုပို့မလဲဆိုတာကိုတော့ မသိရသေးပါဘူး။

ဦးဝင်းထိန်ဟာ အရင်စစ်အစိုးရလက်ထက်တုန်းကလည်း ထောင်ထဲမှာ ၁၅နှစ်ဝန်းကျင် နေခဲ့ဖူးပါတယ်။

လက်ရှိမှာ အသက်၈၀ရှိပြီဖြစ်တဲ့ ဦးဝင်းထိန်ဟာ ရောဂါမျိုးစုံလည်းရှိနေတယ်လို့ နီးစပ်သူတွေဆီက သိရပါတယ်။