သေဒဏ်ချမှတ်ခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား ၆၅ဦး ရှိလာ

၂၉၊ အောက်တိုဘာလ၊ ၂၀၂၁။

အကြမ်းဖက်စစ်အုပ်စုအာဏာသိမ်းကာလ ၉လပြည့်တော့မယ့်အချိန်မှာ နိုင်ငံရေးအကျဉ်းသား ၆၅ဦး သေဒဏ်ချ မှတ်ခံထားရတယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP က ထုတ်ပြန်ထားပါတယ်။

ဖေဖေါ်ဝါရီ၁ရက်နေ့ကနေ အောက်တိုဘာ၂၈ရက်နေ့အထိ AAPPရဲ့ မှတ်တမ်းအရ အသက်၁၈နှစ်အောက်ကလေး ၂ဦးအပါအဝင် ၂၆ဦးဟာ သေဒဏ်ချမှတ်ခံထားရပြီး မျက်ကွယ်သေဒဏ်ချမှတ်ခံထားရသူ ၃၉ဦး ရှိတယ်လို့ သိရပါတယ်။

ဖမ်းဝရမ်းအထုတ်ခံထားရလို့ တိမ်းရှောင်နေသူ ၁၉၅၄ဦးရှိပြီးအဲဒီတိမ်းရှောင်နေသူထဲက မျက်ကွယ် သေဒဏ်ချ မှတ်ခံရသူ ၃၉ဦး အပါအဝင် စုစုပေါင်း ၁၁၈ဦးကို မျက်ကွယ်ပြစ်ဒဏ်ချ မှတ်ထားတယ်လို့ သိရပါတယ်။

အောက်တိုဘာ ၁၈ရက်နေ့ကနေစပြီး နိုင်ငံရေးနဲ့ ဆက်နွှယ်တဲ့ ပြစ်ဒဏ်ချမှတ်ခြင်းခံရသူ ၁၃၁၆ဦးနဲ့ တရားရင် ဆိုင်နေသူ ၄၃၂၀ဦး၊ စုစုပေါင်း ၅၆၃၆ ဦးကို လွှတ်ပေးမယ်လို့ အကြမ်းဖက်စစ်အုပ်စုက ကြေညာခဲ့ပေမဲ့ AAPPရဲ့ အောက်တိုဘာ၂၅ရက်နေ့ အထိ မှတ်တမ်းပြုချက်တွေအရ ၄၀၆၅ဦး လွတ်မြောက်လာတယ်လို့ သိရပါတယ်။

အောက်တိုဘာ၂၅ရက်နေ့အထိ စာရင်းအရ လွတ်မြောက်လာသူတွေထဲက ၁၁၈ဦး ပြန်လည်ဖမ်းဆီးခံရတယ်လို့ AAPP ကဆိုပါတယ်။

‘အခုမနေ့ကသတင်းအရဆို NUG နဲ့မပတ်သက်ပါဘူး ၊CRPH နဲ့မပတ်သက်ပါဘူးလို့ လက်မှတ်ထိုးထားတဲ့ မော်လမြိုင်က NLD အမတ်ကိုတောင် ဖမ်းပြီ၊ပြန်လွတ်တဲ့လူတွေကိုလည်း နောက်တစ်မှုဖွင့်ပြီးပြန်ဖမ်းနေတာဆိုတော့ လွတ်လာတဲ့သူတိုင်း အန္တရာယ်ရှိတဲ့သဘောပဲ’လို့ မုံရွာအခြေစိုက်နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးကပြောပါ တယ်။

အောက်တိုဘာ၂၈ရက်နေ့အထိ စာရင်းအရ ကျဆုံးပြည်သူ ၁၂၁၉ဦး ရှိတယ်လို့ AAPP က ထုတ်ပြန်ပါတယ်။