ရီးရဲလ်မက်ဒရစ်အသင်းကို ရှုံးလို့ ပရိသတ်တွေရဲ့ ရန်ရှာတာ ခံခဲ့ရတဲ့ ဘာစီလိုနာနည်းပြ ကိုးမန်း

၂၅၊ အောက်တိုဘာလ၊ ၂၀၂၁။

မနေ့က ယှဉ်ပြိုင်ခဲ့တဲ့ စပိန်လာလီဂါပွဲစဉ်မှာ အိမ်ရှင်ဘာစီလိုနာအသင်းက ရီးရဲလ်မက်ဒရစ်အသင်းကို တစ်ဂိုး နှစ်ဂိုးနဲ့ ရှုံးနိမ့်ခဲ့လို့ ဘာစီလိုနာအသင်း ပရိသတ်တွေဟာ နည်းပြရော်နယ်လ်ကိုးမန်းကို ရန်ရှာမှုတွေ ပြုလုပ်ခဲ့ပါတယ်။

နည်းပြကိုးမန်းအနေနဲ့ ကွင်းပြင်ကို ပြန်အထွက် အပြင်မှာရှိနေတဲ့ ပရိသတ်တွေဟာ စိတ်ဆိုးဒေါသဖြစ်ပြီး ဘာစီလိုနာနည်းပြရဲ့ ကားကို ထွက်မရအောင် ပြုလုပ်ရန်ရှာခဲ့တာပါ။

ဘာစီလိုနာ အသင်းဟာ ပြီးခဲ့တဲ့ အယ်ကလက်စီကို ပွဲစဉ်မှာ ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ၂ ဂိုးပြတ် ဦးဆောင်တာ ခံခဲ့ပြီးမှ ပွဲပြီးခါနီး နောက်ဆုံး မိနစ်မှာ ချေပဂိုး တစ်ဂိုး ပြန်လည် ရရှိခဲ့ပါတယ်။

နည်းပြ ရော်နယ်လ်ကိုးမန်းလက်ထက် ဘာစီလိုနာအသင်းအနေနဲ့ ရီးရဲလ်မက်ဒရစ်အသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ အယ်ကလက်စီကို သုံးပွဲမှာ သုံးပွဲစလုံး ရှုံးနိမ့်ခဲ့ပါတယ်။

ဒါကြောင့်လည်း ဘာစီလိုနာပရိသတ်အချို့ဟာ အသင်းရလဒ်တွေနဲ့ ပတ်သက်လို့ လက်မခံနိုင်ဖြစ်ပြီး ရော်နယ်လ်ကိုးမန်းကို ရန်ရှာခဲ့ကြတာပဲဖြစ်ပါတယ်။ ဆိုရှယ်မီဒီယာမှာ ပျံ့နှံ့နေတဲ့ ဗီဒီယိုဖိုင်တွေအရတော့ ရော်နယ်လ်ကိုးမန်းရဲ့ ကားကို ဘာစီလိုနာပရိသတ်အချို့က ထုရိုက်ခဲ့ကြတာကို တွေ့မြင်ခဲ့ရပါတယ်။

ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး ဘာစီလိုနာအသင်းကတော့ နည်းပြကိုးမန်းအပေါ် ရိုင်းစိုင်းခဲ့ကြတဲ့ ပရိသတ်တွေကို ရှုတ်ချကြောင်း အသိပေးထုတ်ပြန်ခဲ့ပါတယ်။

ရော်နယ်လ်ကိုးမန်းရဲ့ အယ်ကလက်စီကို ရှုံးပွဲကြောင့် သူ့ရဲ့ နည်းပြရာထူးဟာ စိုးရိမ်နေရပြီလို့ သတင်းတွေက ဖော်ပြခဲ့ပေမယ့် ကိုးမန်းကတော့ သူ့အနေနဲ့ ပွဲစဉ်မှာ ဘာစီလိုနာ ကစားသမားတွေပြသခဲ့တဲ့ စွမ်းဆောင်ရည်တွေကို စိတ်ပျက်မှု မရှိဘူးလို့ အသိပေးခဲ့ပါတယ်။