ကော့ကရိတ်က မသန်စွမ်းအမျိုးသားတစ်ဦးကို အကြမ်းဖက်စစ်တပ် သတ်ဖြတ်မြေမြှုပ်

၂၅၊ အောက်တိုဘာလ၊ ၂၀၂၁။

ကော့ကရိတ်မြို့ ရွာသစ်ကျေးရွာမှာ အကြမ်းဖက်စစ်အုပ်စုက ဖမ်းဆီးသွားတဲ့ မသန်စွမ်းအမျိုးသားတစ်ဦးကို သတ်ဖြတ်ပြီးနောက် မြေမြှုပ်ထားခဲ့တဲ့ အလောင်းကို ဒီကနေ့ တူးဖော်ရရှိခဲ့တယ်လို့ သိရပါတယ်။

အောက်တိုဘာ ၁၈ရက်နေ့မှာ အကြမ်းဖက်စစ်အုပ်စုရဲ့ ခမရ-၅၅၆၊ ခမရ-၅၆၀ နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် -KNLA တပ်ရင်း(၁၈)ကြား တိုက်ပွဲဖြစ်ပွားပြီးနောက် အောက်တိုဘာလ ၁၉ရက်နေ့မှာ စစ်အုပ်စုက ရွာသစ်ကျေးရွာမှာ ဝင်ရောက်တပ်စွဲစဉ် အခုလို ဖမ်းဆီးပြီး သတ်ဖြတ်မြေမြှုပ်ထားခဲ့တာလို့ ဒေသခံတွေကပြောပါတယ်။

“သူ့နာမည်က ဦးမြင့်အောင် ခြေထောက်တစ်ဖက်က မသန်ဘူး၊ စစ်တပ်ကရွာထဲရောက်လာတော့ အကုန်ပြေးကြတာမှာ သူကစောင့်ပေးမယ်ဆိုပြီးတော့ စောင့်ကျန်ခဲ့တာ၊ နောက်ပိုင်းကျ လိုက်မလာတော့ ပျောက်နေတယ်ပေါ့။ စစ်တပ်ကထွက်သွားတော့ လိုက်ရှာချိန်မှာလည်း မတွေ့ဘူး၊ အခုမှ သူ့ကိုသတ်ပြီးတော့ မြေမြှုပ်ခဲ့တယ်ဆိုတာကို သိရတာ”လို့ ဒေသခံတစ်ဦးကပြောပါတယ်။

အကြမ်းဖက်စစ်အုပ်စုဟာ တိုင်းရင်းသားဒေသ ကျေးရွာတွေမှာ ဒေသခံပြည်သူတွေကို မတရားဖမ်းဆီးသတ်ဖြတ်တာ လူသားဒိုင်းပြုလုပ်ပြီး ပေါ်တာဆွဲတာတွေ ဆက်တိုက်ပြုလုပ်နေပါတယ်။

 

ဓာတ်ပုံ-CJ