အကြမ်းဖက်စစ်သားတွေ အဓမ္မသိမ်းလာတဲ့ ဆိုင်ကယ်နဲ့ဟန်းဆက် ဈေးပေါပေါနဲ့ ပြန်ရောင်းချ

၂၁၊ အောက်တိုဘာလ၊ ၂၀၂၁။

စစ်ကိုင်းတိုင်း၊ချင်းတွင်းမြစ်အနောက်ဘက်ခြမ်းရှိ ဒေသခံတွေဆီက အဓမ္မသိမ်းယူထားတဲ့ ဆိုင်ကယ်နဲ့ ဖုန်း ဟန်းဆက်တို့ကို နယ်မြေခံရဲတချို့က ဈေးနှုန်းသက်သာစွာနဲ့ ပြန်လည်ရောင်းချနေတယ်လို့သိရပါတယ်။

အကြမ်းဖက်စစ်အုပ်စုတပ်ဖွဲ့ဝင်တွေဟာ ယင်းမာပင်၊ပုလဲ၊ဂန့်ဂေါအစရှိတဲ့ မြို့နယ်တွေက ဒေသခံတွေရဲ့ ဖုန်းနဲ့ ဆိုင်ကယ်တို့ကို အဓမ္မသိမ်းလာပြီးနောက် နယ်မြေခံရဲတပ်ဖွဲ့ဝင်တချို့ကနေတစ်ဆင့် ဈေးပေါပေါနဲ့ပြန်ရောင်းနေ ကြတာပါ။

‘ဆိုင်ကယ်တစ်စီးကို တစ်သိန်းခွဲ၊နှစ်သိန်းနဲ့ရောင်းတယ်။ဟန်းဆက်ဆိုရင် အလွန်ဆုံးငါးသောင်းပဲ။အလကား ရ လာတာဆိုတော့ သူခိုးဈေးထက်ပိုနိမ့်တဲ့ဈေးနဲ့ လျှောက်ရောင်းနေတယ်’လို့ ယင်းမာပင်မြို့ပေါ်နေ တက်ကြွလှုပ် ရှားသူတစ်ဦးကပြောပါတယ်။

အကြမ်းဖက်စစ်သားတွေနဲ့ ဆုံရင် အသတ်ခံရမှာစိုးတဲ့ ရွာသားတွေဟာ စစ်တပ်လာနေပြီလို့ သတင်းရတာနဲ့ ဝက်၊နွား၊ကြက် အစရှိတဲ့ အိမ်မွေးတိရစ္ဆာန်တွေနဲ့ တန်ဖိုးရှိတဲ့ လက်ဝတ်လက်စားတွေကိုသာ ယူပြီး ကိုယ်လွတ် ရုန်းပြေးရတာကြောင့် ဆိုင်ကယ်လို တန်ဖိုးအထိုက်အလျောက်ရှိတဲ့ပစ္စည်းတွေ အိမ်မှာကျန်ခဲ့ပါတယ်။

‘စစ်သားတွေက ရွာထဲဝင်ရင် အိမ်တွေထဲမွှေနှောက်ပြီး ရသလောက်အကုန်ယူကြတော့တာပဲ။လိုင်စင်ရဓားပြ အကြီးစားတွေပေါ့။ယူသွားလို့ ဘယ်သူ့မှသွားတိုင်လို့မရဘူး၊ပစ္စည်းမပြောနဲ့၊လူတောင်ပစ်သတ်သွားလည်း ရ နေတယ်’လို့ သူကပြောပါတယ်။

ဂိတ်စောင့်စစ်သားတွေက ဖြတ်သန်းသွားတဲ့ ပြည်သူတွေကိုစစ်ဆေးရင်း နိုင်ငံရေးအကြောင်းပြချက်နဲ့ ဖုန်း သိမ်း ကြတယ်လို့လည်း ပုလဲမြို့သားတစ်ဦးကပြောပါတယ်။

‘ဖုန်းသိမ်းလို့လည်း ဘာပြောရဲကြမလဲ၊ပြောလို့ဆိုပြီး လူကိုဖမ်းလို့ရတယ်၊ပစ်သတ်လို့ရတယ်ဆိုတော့ဗျာ’လို့ သူက ပြောပါတယ်။

အကြမ်းဖက်စစ်သားတွေဟာ မြို့ပေါ်ကိုခဏတဖြုတ်သာရောက်လေ့ရှိပြီး ရွေ့လျားစခန်းချနေတာကြောင့် မြို့ပေါ် ရောက်ခိုက် သူတို့အဓမ္မသိမ်းလာသမျှတို့ကို နယ်မြေခံရဲတို့ဆီ ဈေးပေါပေါနဲ့ ပြန်ရောင်းကြပါတယ်။