ကိုယ်ပိုင်ဆိုရှယ်မီဒီယာတစ်ခုထောင်မယ့် အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်

၂၁၊ အောက်တိုဘာလ၊ ၂၀၂၁။

အမေရိကန် သမ္မတဟောင်း ဒေါ်နယ်ထရမ့်ဟာ သူ့ကိုယ်ပိုင် ဆိုရှယ်မီဒီယာပလက်ဖောင်းတစ်ခုထောင်ပြီး လက်ရှိနာမည်ကြီး နည်းပညာကုမ္ပဏီကြီးတွေကို ယှဉ်ပြိုင်ဖို့ ခြေလှမ်းစတင်လိုက်ပါပြီ။

ဒေါ်နယ်ထရမ့်ဟာ ကိုယ်ပိုင်ဆိုင်ရှယ်မီဒီယာပလက်ဖောင်းရဲ့ နာမည်ကို TRUTH Social လို့ နာမည်ပေးထားပြီး သူ့ရဲ့ အတွေးအမြင်စိတ်ကူးတွေကိုလည်း အဲ့ဒီမှာ ဖော်ပြသွားမှာဖြစ်ပါတယ်။

ဒေါ်နယ်ထရမ့်ဟာ ဆိုရှယ်မီဒီယာ အသစ်ကို လာမယ့် နှစ်အစောပိုင်းလောက်မှာ ထွက်နိုင်‌အောင်လုပ်ဖို့ စီစဉ်နေပြီး အခုနှစ်အစောပိုင်းမှာ သူ့ကို အသုံးပြုခွင့် ပိတ်ပင်ခဲ့တဲ့ ဖေ့ဘုတ်နဲ့ တွစ်တာတို့ကို နည်းပညာအရ ပြန်လည် စိန်ခေါ်သွားဖို့ ရှိနေတာပဲဖြစ်ပါတယ်။

ဒါဟာ Trump Media & Technology Group ရဲ့ ပထမဆုံး ဆိုရှယ်မီဒီယာတစ်ခုဖြစ်လာဖို့ ရှိနေပြီး အမေရိကန် အခြေစိုက် Nasdaq ရဲ့ စတော့အိတ်ချိန်းစျေးကွက်မှာပါ အမေရိကန် ဒေါ်လာ ၁.၇ ဘီလီယံအထိ အရောင်းအဝယ်စျေးကွက် ရှိလာမှာဖြစ်ပါတယ်။

ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး ထုတ်ပြန်အသိပေးမှုကိုတော့ ဒေါ်နယ်ထရမ့်က အောက်တိုဘာ ၂၀ ရက်နေ့၊ မနေ့က အသိပေးခဲ့တာပါ။

ဒေါ်နယ်ထရမ့်က “TRUTH ဆိုရှယ်မီဒီယာပေါ်မှာ အတွေးအမြင်တွေကို မျှဝေဖို့နဲ့ တကယ့် နည်းပညာကုမ္ပဏီကြီးတွေကို အပြိုင် ယှဉ်ဖို့အတွက် သိပ်ကို စိတ်လှုပ်ရှားနေပါပြီ” လို့ ဖွင့်ဟခဲ့ပါတယ်။

သတင်းထုတ်ပြန်ချက်တွေအရ ထရမ့်ဟာ သူ့ရဲ့ ကိုယ်ပိုင် ဆိုရှယ်မီဒီယာပလက်ဖောင်းကို လာမယ့်နှစ်ဦး အစောပိုင်းလတွေလောက်မှာပဲ အမေရိကန် တစ်နိုင်ငံလုံး အနှံ့အပြား အသုံးပြုနိုင်အောင် ပြုလုပ်သွားမှာဖြစ်တယ်လို့ သိရှိရပါတယ်။