ထိုင်းနယ်စပ်မှာ တရားမဝင်ဖြတ်ကျော်လာတဲ့ မြန်မာ ၇ဦးဖမ်းမိ

၁၂၊ အောက်တိုဘာလ၊ ၂၀၂၁။

ထိုင်းနိုင်ငံ ၊ ကန်ချနာပူရီပြည်နယ်ထဲက မူအမ်စီရင်စုမှာ တရားမဝင် နယ်စပ်ဖြတ်ကျော်လာတဲ့ မြန်မာနိုင်ငံသား ၇ဦးကို ဒီနေ့မနက်အစောပိုင်းမှ ဖမ်းမိခဲ့တယ်လို့ Bangkok Post သတင်းဌာနက ဖော်ပြပါတယ်။

ဒီနေ့ အောက်တိုဘာ ၁၂ရက် မနက် ၂နာရီလောက်မှာ ကင်းလှည့်နေတဲ့ ရဲ ၊ စစ်သားတွေနဲ့ ဒေသန္တရအာဏာပိုင်တွေဟာ အမျိုးသမီး ၆ဦးနဲ့ အမျိုးသားတဦးကို ဖမ်းဆီးခဲ့တယ်လို့ မူအမ်စီရင်စု အရာရှိချုပ် Thananat Srisan က ပြောပါတယ်။

သူတို့အားလုံးကို အဖျားရှိ ၊ မရှိနဲ့ လိုအပ်တဲ့ ကျန်းမာရေးစစ်ဆေးမှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီမြန်မာနိုင်ငံသား ၇ဦးဟာ ထားဝယ်မြို့က လာကြတာဖြစ်ပြီး ထိုင်းမှာအလုပ်ရမယ်ဆိုပြီးပြောတဲ့ အလုပ်အကိုင်ရှာဖွေရေးအေးဂျင့်ကို တယောက် ထိုင်းဘတ် ၁၈,၀၀၀ ပေးခဲ့ရတယ်လို့ ပြောပါတယ်။

တရားဥပဒေလုပ်ထုံးလုပ်နည်းအရ စီစဉ်ဖို့နဲ့ နေရပ်ပြန်ပို့ဖို့ သူတို့ကို သက်ဆိုင်ရာ ရဲစခန်းဆီ ပို့ဆောင်ထားတယ်လို့ သိရပါတယ်။