၁၁၊ အောက်တိုဘာလ၊ ၂၀၂၁။
မြန်မာနိုင်ငံသားများ၏တွေးခေါ်မျှော်မြင်မှုတွင် အမှန်နှင့်အမှား နှစ်မျိုးတည်းသာရှိပြီး အမှန်နှင့်အ မှားကြား တစ်ခုခုရှိနေသလားဆိုတာမျိုးစူးစမ်းမှုပင်မရှိကြဟုမြန်မာအကြောင်းကောင်းကောင်းသိသော နိုင်ငံခြားသားတစ် ဦး ၏မှတ်ချက်ကို ကြားခဲ့ဖူးသည်။
သူ့အမြင်ကို ကိုယ်နားလည်သလို ပြန်ပြောရသော် မြန်မာတို့၏တွေးခေါ်မျှော်မြင်မှုတွင် ကြားအဖြေဆိုတာမျိုး မရှိ၊မှန်ရင်မှန်၊မမှန်ရင်မှား။နီရင်နီ၊မနီရင်စိမ်း။ပြောရလျှင် ကျနော်တို့၏အတွေးအခေါ်သည် ပျော့ပြောင်းမှုမရှိ၊ ဒီမိုကရက်အမြင် ချို့တဲ့နေသည့်သဘော။ တချို့က ဒီမိုကရက်အမြင်ခမ်းခြောက်ခြင်းကို အရှေ့တိုင်းဗေဒကြောင့်ဟု ကောက်ချက်ချကြ သည်။မည်သို့ပင်ဆိုစေ၊မိမိတို့၏အစဥ်အလာတွေးခေါ်မှုကို မိမိတို့ဖြတ်သန်းရှင်သန်ခဲ့ရာ ခေတ်သစ်နိုင်ငံရေး စနစ်က ပြုပြင်နိုင်စွမ်းရှိတာလည်းသေချာသည်။
သို့သော်၊သွေးနုသားနုဒီမိုကရေစီက ၁၀နှစ်၊အာဏာရှင်သက် တမ်းက ယနေ့ထိတိုင်ခဲ့သောမြန်မာနိုင်ငံအတွက်မူ ခေတ်၏ပြဌာန်းချက်အရ ဒါဆိုဒါပဲဆိုသည့်အမြင်ကို မပြု ပြင်နိုင်ခဲ့ရုံမက အာဏာရှင်များက ဓားကိုဓားချင်း တုံ့ပြန်ရန်သာ တောင်းဆိုခဲ့သဖြင့် ကျနော်တို့၏လှံကိုချွန်မြ ရသည်။
ထို့ကြောင့်မြန်မာ့နိုင်ငံရေးသွင်ပြင်သည် အာဏာရှင်တွေစတင်သက်ဝင်ခဲ့သည့်အချိန်မှစ၍ ရန်-ငါ စည်းပြတ်ကိုပြတ်ခဲ့ရသည်။မြန်မာပြည်သူတို့က နိုင်ငံရေးနှင့်ပတ်သက်လာလျှင် ပြတ်သားကြသည်။မြန်မာ့ နိုင်ငံရေးတွင် ပြည်သူက ဟင်ခနဲလှည့်ထွက်သွားပြီဆို နောက်တစ်ကြိမ်ပြန်ကြည့်ရိုးထုံးစံမရှိ။
ဒေါက်တာဘမော်ဆိုလျှင် အဂ်လိပ်ကိုပခုံးချင်းယှဥ်နိုင်သော ပညာတတ်၊မြန်မာ့နိုင်ငံရေးအဓိပတိ။ ဒုတိယကမ္ဘာစစ်မတိုင်မီ ကာလများစွာ ပြည်သူများကြားထင်ရှားခဲ့သလို ကိုလို နီနိုင်ငံသားများထဲ အထွတ်အ ထိပ်အာဏာကိုရရှိခဲ့သူဖြစ်သည်။
ဒုတိယကမ္ဘာစစ်မတိုင်မီ အတောက်ပဆုံးဖြစ်ခဲ့သော ဒေါက်တာဘမော်သည် ဂျပန်ခေတ်ရောက်တော့ လည်း နိုင်ငံတော်အဓိပတိဒေါက်တာဗမော်အဖြစ် ဂျပန်ပေးသောရွှေရည်စိမ်လွတ်လပ်ရေးတွင် ဆက်လက်အ ဓွန့်ရှည်ခဲ့သည်။
ဒေါက်တာဗမော်သည် ဂျပန်ကိုမကြိုက်၊ဂျပန်ပေးသောအာဏာဖြင့်ပြည်သူကိုဒုက္ခပေးခဲ့သူ မ ဟုတ်၊သို့သော်၊ ဂျပန်တော်လှန်ရေးလုပ်ငန်းများတွင်တော့ မပါ။ဂျပန်ပြေးတော့ မလွဲသာမရှောင်သာ ဂျပန် ပြည်အထိပါသွားခဲ့ ပြီး ဂျပန်ပြည်သိမ်း အမေရိကန်အာဏာအောက် ထိန်းသိမ်းခံခဲ့ရသည်။
မြန်မာနိုင်ငံသို့ပြန်ရောက်လာတော့ ဒေါက်တာဘမော်၏နိုင်ငံရေးစန်းပွင့်မှုမှာ လုံးဝပြီးသွားခဲ့သည်။ တစ်ချိန်က သခင်ပေါက်စ သခင်အောင်ဆန်းဆိုသည့်ချာတိတ်မှာ မြန်မာပြည်သူတို့တင်းပြည့်ကျပ်ပြည့် ထောက်ခံနေ သော ကြီးကျယ်ခမ်းနားသည့် ဦးအောင်ဆန်းအဖြစ်သို့ရောက်ရှိခဲ့သည်။
တကယ်တော့ ဒေါက်တာဘမော်မှာ တိုင်းပြည်သစ္စာဖောက်မဟုတ် သို့သော်၊မြန်မာပြည်သူတို့၏ပြင်း ပြ စိတ်ဖြစ်သော ဂျပန်တော်လှန်ရေးတွင် ဦးဆောင်မှုပေးရန်ပျက်ကွက်ခဲ့သည်။မြန်မာပြည်သူတို့က ဟင် ဆို နောက်တစ်ကြိမ်ပြန်လှည့်ရိုးထုံးစံမရှိ၊ထို့ကြောင့် ဒေါက်တာဘမော်၏နိုင်ငံရေးမှာ ဒုတိယကမ္ဘာစစ်အပြီး တွင် ပွဲပြီးသွားခဲ့ခြင်းဖြစ်သည်။
နောက်တစ်ယောက်ရှိသေးသည်။မြန်မာ့ကွန်မြူနစ်ရှေ့ဆောင် သခင်စိုးဖြစ်သည်။ဒေါက်တာဘမော် လို ပညာတတ်ကြီးမဟုတ်သော်လည်း အဂ်လိပ်အစိုးရခေတ်၊လက်ဝဲလောကတွင် ဆရာကြီးတစ်ဆူဖြစ်ရုံတင် မက မာက်စ်ဝါဒကိုပြိုင်ဘက်မရှိ အရည်ကြိုသောက်ခဲ့သူလည်းဖြစ်သည်။
ဂျပန်မဝင်မီကတည်းက ဂျပန်ကိုတော်လှန်ဖို့ စတင်ပြောခဲ့သူ။ဂျပန်ခေတ်တစ်လျှောက်လုံး မြေ အောက်ဆင်းကာ ဂျပန်တော်လှန်ရေအတွက်စိုင်းပြင်းခဲ့သူ။ဆရာဒဂုန်တာရာက သခင်စိုးသည် ဂျပန်တော် လှန်ရေး၏နိုင်ငံရေးခေါင်းဆောင်ဖြစ်ပြီး စစ်ရေးခေါင်းဆောင်မှာ ဗိုလ်ချုပ်အောင်ဆန်းဟု ပြောခဲ့သည်။
ထိုသို့သောသခင်စိုးသည် လွတ်လပ်ရေးမရမီကပင် အလံနီကွန်မြူနစ်ပါတီခေါင်းဆောင်အဖြစ် တောခို။ပထမအာဏာရှင် ဗိုလ်နေဝင်းလက်ထက်တွင် ထောင်ထဲရောက်ပြီးနောက် သေဒဏ်ကျ။ထို့နောက် ကွန်မြူနစ်အဓိပတိ ကြီးက ဗိုလ်နေဝင်းထံ အညံ့ခံကာ မြန်မာ့ဆိုရှယ်လစ်လမ်းစဥ်ကို ခြေပစ်လက်ပစ် ထောက်ခံပစ်လိုက်ပြီး ပါတီဝင်အဖြစ်ပင်လျှောက်ထားခဲ့သည်။
အကျိုးဆက်အနေနှင့် ဗိုလ်နေဝင်းပေးသောလွတ်ငြိမ်းချမ်းသာခွင့်ရရှိခဲ့ပြီး မြန်မာ့နိုင်ငံရေးသမိုင်းတွင် ကြီးကျယ်ခမ်းနားခဲ့သော သခင်စိုး၏နိုင်ငံရေးသည်လည်း ကန့်လန့်ကာကျသွားခဲ့သည်။မြန်မာ့နိုင်ငံရေးလော ကတွင် ယနေ့ထိတိုင် အလံနစ်ကွန်မြူနစ်ပါတီဝင်ဆိုလျှင် လက်နက်ချများအဖြစ် နိုင်ငံရေးလူရာသွင်းမခံရ သည်အထိ ဂယက်ကြီးခဲ့သည်။
၁၉၈၈ဒီဘက်ကိုရောက်တော့ ပြည်သူ့အမုန်းဖြင့် နိုင်ငံရေးလုံးပါးပါးခဲ့သူမှာ ဦးအောင်ကြီးဖြစ်သည်။ ‘တပ်မတော်ကို စိတ်နဲ့တောင်မပြစ်မှားနဲ့’ဆိုသည့်ဦးအောင်ကြီး၏စကားတစ်ခွန်းနှင့် NLDအတွင်း ဂိုဏ်းဂဃတိုက်ပွဲဖော်ဆောင်ခြင်းအရ ဦးအောင်ကြီးကို နိုင်ငံရေးသေတွင်းထဲသို့ ပြည်သူတို့ တွန်းပို့ခဲ့သည်။
စစ်တစ်ပိုင်းဒီမိုကရေစီကိုစတင်ဖော်ဆောင်တော့ ခွဲထွက်NLD တစ်စု က ဒီမိုကရေစီလက်သီးလက် မောင်းတန်းကာ ၂၀၁၀ရွေးကောက်ပွဲဝင်ခဲ့သည်။ပြည်သူက ဒီမိုကရေစီဘက်တော်သားများအဖြစ်မှတ်ယူကာ အားပေးခဲ့ကြသည်။ပထမ၊ပြည်သူ့ဘက်ရပ်တည်ကာ လွှတ်တော်တွင်း အသံထွက်ပေးခဲ့သည်။
၂၀၁၂ရွေးကောက်ပွဲအပြီး NLDအမတ်များ လွှတ်တော်ထဲရောက်လာပြီး နောက် သူတို့၏အသံ သိမ်ဝင်သွားခြင်းနှင့်အတူ NLDအပေါ် နိုင်ငံရေးမနာလိုစိတ်ကြီးစွာဖြင့် ဖက်ပြိုင်ခဲ့ သည်။ထိုမျှအထိက ပြဿနာမရှိ။
၂၀၁၅ရွေးကောက်ပွဲအပြီး NLDပြတ်ပြတ်သားသားအနိုင်ရပြီးနောက် NLDခွဲထွက်၂ပါတီဖြစ်သော အမျိုးသားဒီမိုကရေစီအင်အားစုပါတီနှင့်အမျိုးသားဒီမိုကရေစီပါတီသစ်တို့ တစ်မဲမျှပင်အနိုင်မရတော့သည့် အခါ NLDကို အငြိုးတကြီး တိုက်ခိုက်လာရုံတင်မက ပြည်သူကိုပါကျောခိုင်းကာ အာဏာရှင်ပါတီကြံ့ဖွံ့နှင့် ပူးပေါင်းတော့သည်။
နောက်ထပ်NLDမှပဲ့ထွက်လာသော ပြည်သူ့ရှေ့ဆောင်ပါတီလည်းရှိသေးသည်။သူတို့၃ပါတီစလုံးမှာ NLDကို ဆန့်ကျင်ရင်း NLDဆန့်ကျင်ရေးသည် ပါတီ၏ပင်မနိုင်ငံရေးလမ်းကြောင်းပမာ ဖြစ်လာခဲ့ သည်။ ၂၀၂၀ရွေးကောက်ပွဲနီးတော့ မနိုင်မှာသိနေသော ၃ပါတီစလုံးမှာ စစ်တပ်အာဏာသိမ်းရန် တိုက်တွန်းရဲ သည် အထိ ပြည်သူ့သစ္စာဖောက်အဖြစ် မှတ်ကျောက်တင်ခဲ့ကြသည်။
စစ်တပ်ကအာဏာသိမ်းပြီးနောက် ၂၀၂၀ရွေးကောက်ပွဲတွင် မဲပြတ်ရှုံးခဲ့သော သိန်းညွန့်၊ခင်မောင် ဆွေနှင့်သက်သက်ခိုင်တို့မှာ နောင်ဘဝ၁၀ခါ ရစရာအကြောင်းမရှိသော ဝန်ကြီးနှင့်ဝန်ကြီးအဆင့်ရာထူးများ ရယူကာနိုင်ငံတော်သစ္စာဖောက်များအဖြစ် မျက်နှာပြောင်တိုက်တော့သည်။
နောက်တစ်ယောက်ရှိသေးသည်။ကျွန်းပြန်ကြီးမန်းငြိမ်းမောင်။ငြိမ်းချမ်းရေးလိုလိုဘာလိုလိုဖြင့် ဘယ်အချိန်ကတည်းက မင်း အောင်လှိုင်နှင့် နိုင်ငံရေးအကြည်ဆိုက်နေသလဲမသိ။သူသည်လည်း အကြမ်း ဖက်စစ်အုပ်စု၏ရှေ့ဆုံးတန်းထိုင်ခုံပေါ် ထိုင်ကာမင်းအောင်လှိုင်အကြိုက် ခေါင်းညိတ်လိုက်ခေါင်းခါလိုက်ဖြင့် နိုင်ငံ တော်သစ္စာဖောက်ဖြစ်ခဲ့သည်။
ယခုနောက်ဆုံးပေါ်ကတော့ အသားထဲက ထွက်လာသောလောက်ကြီးတစ်ကောင်(သို့မဟုတ်)ရန် ကုန်တိုင်းဝန်ကြီးချုပ်ဖြိုးမင်းသိန်းဖြစ်သည်။အားလုံးသိကြသည့်အတိုင်း အကြမ်းဖက်စစ်အုပ်စုအလိုကျ လူထု ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကို မျက်နှာပြောင်တိုက်အသရေဖျက်ခြင်းဖြစ်သည်။
ဖိအားပေးလို့ လုပ်မိပါသည်ဟုဆင်ခြေပေးခွင့်မရှိ။မင်းအောင်လှိုင်သတ်လျှင် အသေခံပြီး အမှန်တရား ကို အပွန်းအပဲ့မခံဆုပ်ကိုင်ထားရမည့်သူက ကြောက်ကြောက်ရွံ့ရွံ့၊သိမ်သိမ်ငယ်ငယ် လိမ်လိမ်ညာညာဖြင့် သူ့နိုင်ငံရေးသူ့ဘာ သာဇာတ်သိမ်းခဲ့သည်။
နိုင်ငံရေးခရီးကရှည်လွန်းလှသည်။အကွေ့အကောက်များသော မြန်မာ့နိုင်ငံရေးခရီးတွင် သင့်နိုင်ငံ ရေးခိုင်မာမှုကို တစ်ကွေ့ပြီးတစ်ကွေ့စာမေးပွဲစစ်လျက်ရှိသည်။မြန်မာပြည်သူတို့ကရှင်းသည်။ဟင် ဆိုလျှင် ပြန်လှည့်ကြည့်ရိုးထုံးစံမရှိ။တိုင်းပြည်သစ္စာဖောက်များကို ခွင့်လွှတ်ရိုးထုံးစံမရှိ။
လင်းခေတ်