မြိုင်မြို့နယ်မှာ စစ်အုပ်စုက ပြည်သူတစ်ဦးကို အရှင်လတ်လတ် မီးရှို့သတ်ဖြတ်

၁၆၊ စက်တင်ဘာလ၊ ၂၀၂၁။

မြိုင်မြို့နယ် အေးချမ်းသာစံပြကျေးရွာမှာ အကြမ်းဖက်စစ်အုပ်စုက စက်တင်ဘာလ ၁၄ရက်နေ့က ကျေးရွာအတွင်းကို လက်နက်ကြီးတွေနဲ့ အကြောင်းမဲ့ ပစ်ခတ်ဝင်ရောက်လာပြီး ပြည်သူတစ်ဦးကို အရှင်လတ်လတ်မီးရှို့သတ်ဖြတ်ကာ အသက်၁၄နှစ်အရွယ် လူငယ်တစ်ဦးကိုလည်း ပစ်သတ်ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

“မနက်အစောကြီး လက်နက်ကြီးတွေနဲ့ ရွာကိုပစ်ပြီးဝင်လာတာ၊ PDFတွေရှိတယ်ဆိုပြီး ဒလန်ကပေးတာကြောင့် ဝင်လာတာ၊ ထွက်ပြေးတဲ့သူတွေအကုန်လုံးကို သေနတ်နဲ့ လိုက်ပစ်တယ် ကိုသက်နိုင်မင်းက ပြေးရင်း ကျည်ထိတော့ သူ့ကို မသေသေးဘဲ မီးရှို့သတ်ပစ်တယ်၊ မောင်ထွန်းမြင့်ဆို အသက်က ၁၄နှစ်ပဲရှိသေးတာကိုလည်း ပစ်သတ်လိုက်ကြတယ်၊ အကုန်ထွက်ပြေးရတာဆိုတော့ မကယ်လိုက်နိုင်ဘူး ရွာကိုပြန်ရောက်တော့မှ အခုလို လုပ်ပစ်ခဲ့တာကို သိရတာ”လို့ ဒေသခံတစ်ဦးကပြောပါတယ်။

 

ဒါ့အပြင် အနီးဝန်းကျင်ကျေးရွာတွေဖြစ်တဲ့ ကျောက်ကုန်းကျေးရွာက ပြည်သူ ၄ဦးနဲ့ ပန်းရွာက ပြည်သူ ၂ဦးကိုလည်း စစ်အုပ်စုက အကြောင်းမဲ့ပစ်သတ်ခဲ့ပြီး အလောင်းတွေကို ရွာထဲမှာပဲ ထားပစ်ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

စစ်အုပ်စုက ဝင်ရောက်အကြမ်းဖက်ပစ်ခတ်မှုကြောင့် ထွက်ပြေးတိမ်းရှောင်ရင်း ပျောက်ဆုံးနေတဲ့ ဒေသခံတွေလည်း ရှိနေသေးပြီး အသက်ရှင်လျှက် ရှိမရှိကို စုံစမ်းနေကြဆဲဖြစ်တယ်လို့ သိရပါတယ်။