မုံရွာမှာ NUGကို ထောက်ခံကြောင်း Facebook ပရိုဖိုင်ချိန်းထားတဲ့ ဗိုလ်မှူးကတော် အမှုဖွင့်ခံရ

၂၆၊ ဩဂုတ်လ၊ ၂၀၂၁။

မုံရွာမြို့ ရန်ကင်းရပ်ကွက် ကျောက္ကာလမ်းမှာ ဖက်ရှင်စတိုးဆိုင်ဖွင့်ထားတဲ့ ဗိုလ်မှူးကတော် တစ်ဦးကို Facebook ပရိုဖိုင်မှာ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ကို ထောက်ခံကြောင်း ပရိုဖိုင်ချိန်းထားလို့ဆိုကာ အကြမ်းဖက်စစ်အုပ်စုရဲ့ အရာရှိတစ်ဦးက မုံရွာ အမှတ်(၁) ရဲစခန်းမှာ ပုဒ်မ ၅၀၅-က နဲ့ အမှုဖွင့် တိုင်တန်းထားတယ်လို့ သိရပါတယ်။

 

အခုလို အမှုဖွင့်တိုင်တန်းထားတာနဲ့ ပက်သက်ပြီး အကြမ်းဖက်စစ်အုပ်စုရဲ့ မိန်းမတွေ စုစည်းဖွဲ့စည်းထားတဲ့ Telegram ဂရုတစ်ခုဖြစ်တဲ့ ဖရဲသီးနှိမ်နင်းရေး ဂရုတွေထဲမှာတော့ သစ္စာဖောက်ကို အပစ်ပေးဖို့ အနောက်မြောက်တိုင်း စစ်ဌာနချုပ်က အရာရှိကိုယ်တိုင် မုံရွာ အမှတ်(၁) ရဲစခန်းမှာ (ပ) ၂၁၀ / ၂၀၂၁ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၅၀၅ – ကနဲ့ တရားလို ပြုလုပ်ပြီး အမှုဖွင့်တာကြောင့် ဗိုလ်မှူးကတော်ဟာ ထွက်ပြေးတိမ်းရှောင်နေတယ်လို့ ရေးသားထားပါတယ်။