အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီဝင်တွေနဲ့ မိသားစုတွေကို အမေရိကန် အရေးယူဒဏ်ခတ်

၃ ၊ ဇူလိုင်လ ၊ ၂၀၂၁ ။

မြန်မာအာဏာသိမ်းစစ်ကောင်စီနဲ့ ဆက်နွယ်မှုရှိသူ ၂၂ ဦးကို အရေးယူဒဏ်ခတ်စာရင်းသွင်းလိုက်ပြီလို့ အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနရဲ့ နိုင်ငံခြားပိုင်ဆိုင်မှု ထိန်းချုပ်ရေးရုံး ( OFAC ) က ဇူလိုင်လ ၂ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။

စစ်ကောင်စီအဖွဲ့ဝင် ၇ဦးဖြစ်ကြတဲ့ စောဒယ်နီရယ် ၊ ဗညားအောင်မိုး၊  ဒေါ်အေးနုစိန် ၊ ပြန်ကြားရေးဝန်ကြီး ဦးချစ်နိုင် ၊ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုဝန်ကြီး ဦး‌အောင်နိုင်ဦး ၊အလုပ်သမားရေးဝန်ကြီး ဦးမြင့်ကြိုင်နဲ့  လူကယ်ပြန် ဝန်ကြီး ဒေါ်သက်သက်ခိုင်တို့ ပါဝင်ပါတယ်

နောက်ထပ် ၁၅ဦးကတော့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ ဇနီး ဒေါ်ကြူကြူလှ အပါအဝင် ဒေါ်သန်းသန်းနွယ် (ဒုတိယဗိုလ်ချုပ်မှုးကြီး စိုးဝင်း ဇနီး) ၊‌ ဒေါ်သက်သက်အောင် ( ဗိုလ်ချုပ်မြထွန်းဦးဇနီး) ၊ ဒေါ်သန်းသန်းအေး (တင်အောင်စန်း ဇနီး) ၊ ဒေါ်အောင်မာမြင့် (ဗိုလ်ချုပ်ကြီးမောင်မောင်ကျော် ဇနီး) ၊ ဒေါ်ခိုင်ပပချစ် (ဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်း ဇနီး) ၊ မိုးထက်ထက်ထွန်း (ဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်း သမီး) ၊ ခိုင် မိုးမြင့် (ဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်း သမီး) ၊ ရတနာမိုးမြင့် (ဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်း သမီး) ၊ ဒေါ်နီလာ (ဒုတိယဗိုလ်ချုပ်ကြီးရဲဝင်းဦး ဇနီး)၊ သိမ့် သင်ဇာ (ဒုတိယဗိုလ်ချုပ်ကြီးရဲဝင်းဦး သမီး)၊ ဒေါ်ဥမ္မာမြင့် (ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေး ဇနီး) ၊ ရွှေရည်ဖူးအောင် (ဗိုလ်ချုပ်‌ အောင်လင်းဒွေး သမီး) ၊ လှိုင်ဘွားအောင် (ဗိုလ်ချုပ်‌ အောင်လင်းဒွေး သား) နဲ့  ဖြိုးအာကာအောင် (ဗိုလ်ချုပ်‌ အောင်လင်းဒွေး သား)တို့

ဖြစ်ပါတယ်။

“ဒီနေ့အရေးယူမှုက အမေရိကန်အနေနဲ့ မြန်မာစစ်တပ်အပေါ်ကန့်သတ်မှုတွေ ထပ်တိုးသွားမယ်ဆိုတာ ပြသဖို့နဲ့ စစ်တပ်နဲ့ စစ်တပ်ခေါင်းဆောင်တွေရဲ့ ဘဏ္ဍာရေးရင်းမြစ်ကို ပစ်မှတ်ထားတာအပါအဝင် စစ်အာဏာသိမ်းလုပ်ရပ်နဲ့ လက်ရှိဖြစ်ပွားနေတဲ့ ပဋိပက္ခတွေရဲ့ တရားခံတွေကို

တာဝန်ခံမှုရှိစေရေး လှုံ့ဆော်ဖို့ဖြစ်တယ်”လို့  OFAC ရဲ့ ဒါရိုက်တာ Andrea Gacki က ပြောပါတယ်။

ဒါ့အပြင် မြန်မာစစ်တပ်ကို ထောက်ပံ့နေတဲ့ ကုမ္ပဏီ ၃ခုကိုလည်း အမေရိကန်က  ထပ်တိုး ပိတ်ဆို့မှု စာရင်းသွင်းခဲ့ပါသေးတယ်။

တရုတ်နိုင်ငံသားပိုင် Wanbao ဝမ်ပေါင် ကြေးနီသတ္တုတွင်းကုမ္ပဏီလီမိတက်နဲ့ သူ့ရဲ့ လက်အောက်ခံလုပ်ငန်းနှစ်ခုဖြစ်တဲ့ Myanmar Wanbao သတ္တုတွင်း ကုမ္ပဏီလီမိတက်နဲ့ Myanmar Yang Tse ကြေးနီကုမ္ပဏီအပြင် King Royal နည်းပညာကုမ္ပဏီတို့ ဖြစ်ပါတယ်။