လေးမျက်နှာရေကြီးမှုနောက်ဆက်တွဲ ငါးမွေးကန် ဧက သုံးဆယ်ကျော်ပျက်စီး

“ရေကျသွားရင်လည်း ငါးသားပေါက်တွေ ဒီအတိုင်းထည့်လို့ မရသေးဘူး။ ငါးကန်တွေကို ပြန်ပြုပြင်ရအုံးမယ်။ အဲဒါတွေလည်း လုပ်ပေးဖို့လိုတယ်။ နုံးတွေ အများကြီး တင်ကျန်ခဲ့ရင် အဲဒါတွေပါ ထုတ်ဖို့လိုတယ်”

၂၂၊ ဩဂုတ်။

ငဝန်မြစ်ရေကာတာ ကျိုးပေါက်ပြီးနောက် ရေကြီးနေတဲ့ ဧရာ၀တီတိုင်း လေးမျက်နှာမြို့နယ်အတွင်း ငါးမွေးမြူ ရေးကန် ၃၅ ဒသမ ၈၆ ဧကကျော် ထိခိုက်ပျက်စီးခဲ့ရရတယ်လို့ ငါးလုပ်ငန်းဦးစီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။

အဲဒီပျက်စီးဆုံးရှုံးသွားခဲ့တဲ့ ငါးမွေးမြူရေးလုပ်ကိုင်နေသူတွေကို ရေပြန်ကျသွားခဲ့ရင် ငါးသားပေါက်တွေ ထောက်ပံ့ ပေးဖို့နဲ့ ငါးမွေးမြူရေးလိုင်စင်တွေ ပျက်စီး၊ ပျောက်ဆုံးခဲ့ရင်လည်း အသစ်ပြန်ထုတ်ပေးသွားဖို့ စီစဉ်ထားတယ်လို့ ဆိုပါတယ်။

“ရေကျသွားရင်လည်း ငါးသားပေါက်တွေ ဒီအတိုင်းထည့်လို့ မရသေးဘူး။ ငါးကန်တွေကို ပြန်ပြုပြင်ရအုံးမယ်။ အဲဒါတွေလည်း လုပ်ပေးဖို့လိုတယ်။ နုံးတွေ အများကြီး တင်ကျန်ခဲ့ရင် အဲဒါတွေပါ ထုတ်ဖို့လိုတယ်” လို့ လေးမျက်နှာမြို့ နယ်အတွင်းက ငါးမွေးမြူရေး လုပ်ငန်းနဲ့ ဆက်စပ်မှုရှိတဲ့ ဒေသခံတဦးက ပြောပါတယ်။

လက်တလောမှာ ဧရာ၀တီတိုင်းအတွင်းက လေးမျက်နှာအပါအဝင် ဟင်္သာတ၊ ကျုံပျော်၊ ရေ ကြည်၊ ငသိုင်းချောင်းမြို့နယ်တွေမှာပါ ရေကြီးနေတာဖြစ်ပြီး ရေကြီးနေတာ သုံးပတ်ကျော်ပြီဖြစ်ပေမယ့် တာပေါက် မပိတ်နိုင်သေးသလို ရေတွေက ဆက်လက် ရှိနေဦးမှာ ဖြစ်ပါတယ်။

ဧရာဝတီတိုင်းအတွင်းမှာ ငါးမွေးမြူရေးကန်ပေါင်း ဧက နှစ်သိန်းနှစ်သောင်းကျော်ရှိပြီး မြန်မာတနိုင်ငံလုံး ငါးမွေး မြူရေးဧရိယာရဲ့ သုံးပုံတစ်ပုံခန့် ရှိကာ ငါးမြစ်ချင်းကို အဓိကမွေးမြူပြီး ထွက်ရှိတဲ့ ငါးတွေကို ရန်ကုန်ကို အဓိက တင်ပို့တယ်လို့ သိရပါတယ်။

ငါးမွေးကန်တွေ ပျက်စီးခဲ့ရသလို စပါးခင်းဧက လေးသောင်းဝန်းကျင်ဟာလည်း ပျက်စီးနေပြီး ရေပြန်မကျရင် နောက်ထပ်စပါးခင်းတွေပါ ထပ်မံပျက်စီးသွားနိုင်တယ်လို့ ဒေသခံတွေနဲ့ လယ်သမားအရေးဆောင်ရွက်သူတွေက ပြောထားကြပါတယ်။

လေးမျက်နှာမြို့အနီး မြစ်ကျိုးကျေးရွာ အနီးကနေ ငဝန်မြစ်တာဘောင်နိမ့်ဆင်း၊ ရေစိမ့်ရာကနေ ထိန်းမနိုင်တဲ့ထိ ကျိုးပေါက်သွားတာကြောင့်ဖြစ်ပါတယ်။ အဲဒီတာဘောင်ဟာ ဇူလိုင်လ ၃၀ ရက်နေ့ ညနေ ၃နာရီ ကျော်လောက်က စပြီး အလျား ၃၀ ပေ၊ အနံ ၅ ပေလောက် တာဘောင်နိမ့်ဆင်း၊ ရေစိမ့်နေခဲ့တာဖြစ်ကာ အခုအခါမှာတော့ တာ ဘောင်အပေါက်ဟာ ပေ ၂၉၀ လောက်ထိ ကျယ်သွားခဲ့ပြီဖြစ်ပါတယ်။

#ဧရာဝတီတိုင်း #ရေကြီး #ငါးမွေးကန် #ပျက်ဆီး
#DeltaNewsAgency #DNA
#ရန်ကုန် #ပဲခူး #ဧရာဝတီ #မြစ်ဝကျွန်းပေါ်