
“ကွင်းကောက်မှာရော၊ ထူးကြီးမှာရော အင်အားတွေ အများကြီးချထားတာ၊ ဓမ္မာရုံတွေ၊ ဘုန်းကြီးကျောင်း တွေမှာပါ စစ်တပ်က ရှိတယ်။ တော်တော် ကြောက်လန့်နေကြပုံပဲ”
၂၅၊ ဧပြီ။
ပုသိမ် – မုံရွာလမ်းမကြီးတလျှောက်နဲ့ ရေကြည်မြို့နယ် မြောက်စမ်းအမြောက်တပ်ဝန်းကျင်မှာ တိုက်ပွဲတွေပြင်း ထန်နေတာကြောင့် စစ်တပ်ဟာ အင်္ဂပူမြို့နယ် ကွင်းကောက်မှာရှိတဲ့ တပ်မတော် လေ့ကျင့်ရေးသင်တန်းကျောင်း တတက(၅)မှာ အင်အားဖြည့်တင်းမှုတွေ လုပ်နေပါတယ်။
“အင်အား ငါးရာလောက် ထပ်တိုးချတယ်။ အဲဒီမှာ နဂိုကတည်းက ရာချီရှိတာ။ မြို့ပတ်လည်မှာလည်း ကာကင်းတွေ နဲ့ အမှန်အကန် ခံစစ်လုပ်ထားတယ်။ တိုက်ပွဲတွေကလည်း ကွင်းကောက်နဲ့ သိပ်မဝေးဘူးဆိုတော့ ဒီကောင်တွေ ကြိုတင်ပြင်ဆင်တဲ့ အနေအထား လုပ်ကြတာ။ လေကြောင်းကလည်း အရင်က ပိုသုံးလာတယ်” လို့ မြေပြင်မှာရှိတဲ့ စစ်ရေးသတင်းရင်းမြစ်တဦးက ပြောပါတယ်။
အာရက္ခတပ်တော်(AA)ပူးပေါင်းတပ်ဖွဲ့ရဲ့ ထိုးစစ်တွေဟာ ကွင်းကောက်အထိ ရောက်လာမှာ စိုးရိမ်တာကြောင့် အခုလို ခံစစ်အခိုင်အမာ လုပ်နေတာ ဖြစ်နိုင်တယ်လို့ စစ်ရေးနဲ့ နီးစပ်တဲ့ လေးမျက်နှာဒေသခံတဦးက ပြောပါတယ်။
“ကွင်းကောက်မှာရော၊ ထူးကြီးမှာရော အင်အားတွေ အများကြီးချထားတာ၊ ဓမ္မာရုံတွေ၊ ဘုန်းကြီးကျောင်း တွေမှာပါ စစ်တပ်က ရှိတယ်။ တော်တော် ကြောက်လန့်နေကြပုံပဲ” လို့ ဒေသတွင်း အခြေအနေကို ပြောပြပါတယ်။
ကွင်းကောက် တတက ၅ မှာ စစ်မှုထမ်းသစ်တွေကို သင်တန်းပေးတာရှိသလို စစ်အင်အားနဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေကို တန်းမြင့်သင်တန်းတွေ ပေးနေတယ်လို့ သိရပါတယ်။
အခုအခါ လေးမျက်နှာမြို့နယ် စက်စက်ယိုကျေးရွာအနီးတဝိုက်၊ ကွင်းကောက်မြို့အနီး ပိန္နဲကွင်းကျေးရွာတဝိုက်နဲ့ ရေကြည်မြို့နယ် မြောက်စမ်းအမြောက်တပ် အမတ ၃၄၄ အနီးပတ်လည်တို့မှာ အာရက္ခတပ်တော်(AA)ပူးပေါင်း တပ်ဖွဲ့နဲ့ စစ်တပ်တို့ တိုက်ပွဲအပြင်းအထန်ဖြစ်နေကြတာပါ။
အဲဒီတိုက်ပွဲတွေအတွင်း စစ်တပ်ဘက်က အရာရှိတွေ အပါအဝင် တပ်သားအကျအဆုံးတွေ အများအပြား ရှိနေပြီး ပုသိမ်အနောက်တောင်တိုင်းစစ်ဌာနချုပ် (နတခ)၊ ကျုံပျော်ခလရ ၃၆ ၊ဟင်္သာတ ခလရ ၁၈ အပြင် အခြား အခြေစိုက်တပ်ရင်းတွေဆီက အင်အားဖြည့်တင်းပေးနေတာ ဖြစ်ပါတယ်။
“တိုက်ပွဲကတော့ မနားတမ်းရှိတယ်။ ထမင်းတောင် အချိန်မှန်စားဖို့မရဘူး။ အမတဘက်မှာ ကိုယ့်လူတွေ အသာရ တယ်။ စက်စက်ယိုဘက်လည်း ပွဲပြင်းတယ်” လို့ AA နဲ့နီးစပ်တဲ့ နောက်ထပ်မြေပြင်သတင်းရင်းမြစ်တဦးက ပြောပါ တယ်။
AA နဲ့ ပူးပေါင်းတပ်ဖွဲ့ဟာ ပုသိမ် – မုံရွာလမ်းတလျှောက် နေရာအချို့ ဆုတ်ပေးရတာရှိပေမယ့် အမတ ၃၄၄ အနီး တိုက်ပွဲတွေမှာတော့ အသာစီးရနေပြီး ကာကင်းစခန်းအချို့ ထပ်မံသိမ်းပိုက် ရထားတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောထားကြပါတယ်။
စစ်တပ်ဟာ ဧပြီလအတွင်းက သကြင်္နတွင်းနဲ့ သကြန်အလွန်ကာတွေမှာ စစ်ကြောင်းထိုးတာ၊ အင်အားသုံး တန်ပြန်ထိုးစစ်ဆင်တာတွေ လုပ်လာတာကြောင့် ဧရာ၀တီတိုင်း လေးမျက်နှာနဲ့ ရေကြည်မြို့နယ်တွေအတွင်း တိုက်ပွဲ တွေ ပြင်းထန်နေတာပါ။