ဖျာပုံက တိုင်းဒေသကြီးကိုယ်စားလှယ်လည်း ဖမ်းဆီးခံရ

၁ ၊ ဖေဖော်ဝါရီလ ၊ ၂၀၂၁ ။

NLDပါတီရဲ့ ဖျာပုံမြို့နယ် တိုင်းဒေသကြီးအမှတ်(၁) လွှတ်တော်ကိုယ်စားလှယ် အမတ် မပြုံးပြုံးအေးကို စစ်ယူနီဖောင်းဝတ်သူ (၁၀)ဦးနဲ့ ရိုးရိုးဝတ်လူ (၄)ဦးတို့က စစ်ကားတစ်စီး၊ ရိုးရိုးကားအဖြူတစ်စီးနဲ့နေအိမ်ကိုလာရောက်ခေါ်ဆောင်သွားတယ်လို့ ခင်ပွန်းဖြစ်သူ ကိုအောင်မိုးက အတည်ပြုပါတယ်။

မနက်(၄)နာရီလောက်လာခေါ်သွားတယ်၊ အိမ်က အလုပ်သမားကို ခြံတံခါးဖွင့်ပေးဖို့ပြောတာ အလုပ်သမားကမဖွင့်ပေးဘူး၊ နောက်မှ ဖွင့်ပေးလိုက်တာ လူတွေကတော့ ပြောက်​ကျားဝတ်စုံတွေပါတယ်။ ရိုးရိုးလည်ကတုံးဝတ်တွေလည်းပါတယ်။

ကျွန်တော်အမျိုးသမီးကို ကားအဖြူပေါ်တင်ခေါ်သွားတယ်၊ စစ်ကားတစ်စီးကတော့ဖျာပုံ(၉၈)တပ်ရင်းဘက်ကို ထွက်သွားပြီး ကျွန်တော်အမျိုးသမီးကိုတင်ဆောင်တဲ့ကားက ​တောင်ဘက်ကိုမောင်းသွားတယ်၊ သူကိုင်နေကြ ဖုန်းတော့ပါမသွားဘူး သမီးငယ်ရဲ့ဖုန်းတော့ပါသွားတယ်လို့ Delta News Agency ကိုပြောပါတယ်။

နောက်ဆုံးသတင်းတွေအရ NLD ပါတီရဲ့ အနိုင်ရဒေးဒရဲမြို့က အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တွေရော ဖျာပုံခရိုင်အတွင်းကတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်တွေကိုလည်း သက်ဆိုင်ရာ သူတို့နေအိမ်တွေမှာ လာရောက်ဖမ်းဆီးခေါ်ဆောင်သွားပြီလို့ သိရပါတယ်။