ကိုဗစ်ကာကွယ်ဆေးထိုးကြပါစို့

ရေးသားသူ – ဒေါက်တာသော်ဇင်ညိမ်း (မိသားစုကျန်းမာရေး စောင့်ရှောက်မှုဆရာဝန်)

၃၁ ၊ ဇန်နဝါရီလ ၊ ၂၀၂၁ ။ (ကျန်းမာရေးဆောင်းပါး)

ကိုဗစ်ကာကွယ်ဆေးဟာ ဧရာဝတီတိုင်းကို ရောက်ရှိလာခဲ့ပါပြီ။ ကျန်းမာရေးဝန်ထမ်းတွေကို စတင်ထိုးနှံနေပြီး တချို့လည်း ကာကွယ်ဆေးထိုးပြီး ဖျားနာကိုက်ခဲတာလေးတွေ ခံစားရတယ်လို့ ကြားသိရပါတယ်။

ကာကွယ်ဆေးမထိုးရသေးတဲ့သူတွေကြားထဲမှာ ထိုးသင့်မထိုးသင့် ၊ ဘေးထွက်ဆိုးကျိုးတွေ ရှိလေမလား စိုးရိမ်မှုတွေကိုလည်း သတိပြုမိပါတယ်။

မြန်မာနိုင်ငံကိုရောက်ရှိလာတဲ့ ကိုဗစ်ကာကွယ်ဆေးအမည်က Covid Shield လို့ခေါ်ပါတယ်။ အင်္ဂလန်အောက်စဖို့စ်ရဲ့ Aztra Zenecaနဲ့ ထုတ်လုပ်ပုံနည်းပညာ အတူတူပဲ ဖြစ်ပါတယ်။ အိန္ဒိယရဲ့ Serum Instituteက တဆင့်ခံ ထုတ်လုပ်တာဖြစ်ပါတယ် ။

ကိုဗစ်ရောဂါကို ခုခံအားပေါ်ထွက်လာဖို့အတွက် နှစ်ကြိမ်ထိုးနှံရမှာ ဖြစ်ပါတယ်။ ပထမအကြိမ်နဲ့ ဒုတိယအကြိမ်ကို လေးပါတ်မှ ခြောက်ပါတ်ခြားပြီး ထိုးနှံရပါတယ်။ နှစ်ကြိမ် အပြည့်ထိုးနှံပြီးရင် ထိရောက်မှုက ၇၀ရာနှုန်းကနေ ၉၀ရာခိုင်နှုန်းအထိ ရှိပါတယ်။

-ဘေးထွက်ဆိုးကျိုး
ပြောပလောက်တဲ့ ၊ အသက်အန္တရယ်ကို ထိခိုက်စေလောက်တဲ့ ကြီးကြီးမားမား ဘေးထွက်ဆိုးကျိုး မရှိပါဘူး။ ကာကွယ်ဆေးထုတ်လုပ်ရာမှာ အသုံးပြုပါဝင်တဲ့ ဓါတုပစ္စည်းတွေနဲ့ ဓါတ်မတည့်တာမျိုးကတော့ လူတစ်သန်းမှာ တစ်ယောက် ဖြစ်နိုင်ပါတယ်။ ဒါကလည်းဆိုးရိမ်စရာ မရှိပါဘူး။

ဓါတ်မတည့်ခြင်းနဲ့ ပါတ်သက်လို့ မိမိဟာအစားအသောက်ဖြစ်စေ ၊ ယခင်ဆေးထိုး ဆေးသောက်ရာမှာဖြစ်စေ ဓါတုပစ္စည်းတခုခုကို ဓါတ်မတည့်တဲ့ဖြစ်စဉ် ဖြစ်ခဲ့ဖူးတယ်ဆိုရင် ကာကွယ်ဆေးထိုးနှံပေးမယ့် ဆေးဝန်ထမ်းကို ကြိုတင်အသိပေးဖို့လိုအပ်ပါတယ်။

-မပြောပလောက်တဲ့ အသေးစားဘေးထွက်ဆိုးကျိုးများ
ဆေးမှန်ရင် ဘေးထွက်ဆိုးကျိုးရှိစမြဲပါ။ အကျိုးနဲ့အပြစ်ကို ချိန်ပြီး အပြစ်ထက်အကျိုးများတာကို ဆေးလို့ ခေါ်တာပဲဖြစ်ပါတယ်။

-ကိုဗစ်ကာကွယ်ဆေး
ယခု မြန်မာနိုင်ငံသားတွေ ထိုးနှံရမယ့် Covid Shield ဟာလည်း တခြားကာကွယ်ဆေးများလိုပဲ ဆေးထိုးပြီးရင် ဖျားမယ် ၊ ကိုယ်လက်ကိုက်ခဲမယ် ၊ ခေါင်းကိုက် ၊ နှာချေ စတဲ့ တုပ်ကွေးသဏ္ဍန်ဝေဒနာတချို့ခံစားရနိုင်ပါတယ်။ ဒါဟာ ကိုဗစ်ရောဂါ ဖြစ်ပွားလို့ အသက်အန္တရာယ်ဆုံးရှုံး နိုင်ခြေရှိတာနဲ့ ယှဉ်ရင် ဘာဆိုဘာမှ မပြောပြလောက်ပါဘူး။

ရည်ရွယ်ချက်ရှိရှိဖြစ်စေ ၊ ရည်ရွယ်ချက်မရှိဘဲ ဖြစ်စေ ၊ ကိုယ်ကျိုးစီးပွားမျှော်ကိုး၍ဖြစ်စေ ကာကွယ်ဆေးတွေကို မကောင်းပြောပြီး လူအများကို ကာကွယ်ဆေးနဲ့ ပါတ်သက်လို့ ထင်ယောင်မှားဝေဝါးအောင် ပြောဆိုရေးသားကြသူတွေကို မယုံကြည်မိဖို့ လိုပါတယ်။

အချက်အလက်နဲ့ပါတ်သက်ရင် ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ တရားဝင်ဝက်ဆိုဒ်၊ ဖေ့ဘုတ်စာမျက်နှ စတာတွေမှာ ဖော်ပြထားတာတွေကို အလေးထားဖတ်ရှုကြဖို့ တိုက်တွန်းလိုက်ပါတယ်။

Photo Credit – indiatimes