
ဒီဇင်ဘာ ၁၉ ရက်သန်းခေါင်ယံအချိန်မှာ ဦးခေါင်းကို ရိုက်နှက်ခံခဲ့ရတဲ့ ဒဏ်ရာကနေ သွေးထွက်လွန်ခဲ့ပြီး နောက်တနေ့ ဇန်နဝါရီ ၂၀ ရက်နေ့ မွန်းလွဲ ၁ နာရီဝန်းကျင် အချိန်မှာ ကွယ်လွန်သွားခဲ့တာလို့ သိရပါတယ်။
၂၊ ဖေဖော်ဝါလ။
ထိုင်းနိုင်ငံ၊ မဲဆောက်မြို့မှာ အသတ်ခံလိုက်ရတဲ့ ဧရာဝတီတိုင်း၊ ငပုတောမြို့နယ် ဇာတိဖြစ်ပြီး LGBT တဦးဖြစ်သူ ဧရာဝတီမ (ခေါ်) ကိုတင့်ဇော်ထွေးရဲ့ အမှုမှာ ကျူးလွန်သူကို အမြန်ဆုံး ဖမ်းမိနိုင်ရေး ကြိုးစားနေရစဲ ဖြစ်ပေမယ့် လူမှုကွန်ရက်ပေါ်မှာ လူစိတ်ဝင်စားမှုရအောင် AI နဲ့ဖန်တီးပြီး ကျူးလွန်သူကို ဖမ်းမိပြီ ဆိုတဲ့ သတင်းမှားတွေ ဖြန့်ဝေနေတာတွေ ရှိနေပါတယ်။
“ အခုက ကျူးလွန်သူလို့ ယူဆရတဲ့သူတွေကို ရဲကလည်း ထုတ်ပြန်ထားတယ်။ သူ့ကို(ဧရာဝတီမ) ကိုအကြောင်းပြပြီး Like တွေ Follow တွေလိုချင်တဲ့သူတွေ ပေ့ချ်တွေက ဒီထုတ်ပြန်ထားတဲ့ ပုံတွေကိုယူပြီး ဒီကျူးလွန်သူတွေကို ဖမ်းမိပြီဆိုတာမျိုး AI တွေနဲ့လျှောက်လုပ်ပြီးတင်ကြတယ်။ တရားခံကိုက ခုထိကို မဖမ်းမိသေးပါဘူး ” လို့ အမှုဖြစ်စဉ်မှာ ပါဝင်ကူညီနေသူ တဦးက DNA ကိုပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၂၀ ရက်နေ့က ဧရာဝတီမရဲ့ ရုပ်အလောင်းကို မဲဆောက်မြို့၊ ဖာတောင်းရပ်ကွက်အနီးက လူသူအလှမ်းဝေးတဲ့နေရာတခုမှာ ရှာဖွေတွေ့ရှိခဲ့ကြတာ ဖြစ်ပါတယ်။
ဆေးစာမှာ ဖော်ပြထားချက်တွေအရ သေဆုံးသူဟာ ဇန်နဝါရီ ၁၉ ရက်သန်းခေါင်ယံအချိန်မှာ ဦးခေါင်းကို ရိုက်နှက်ခံခဲ့ရတဲ့ ဒဏ်ရာကနေ သွေးထွက်လွန်ခဲ့ပြီး နောက်တနေ့ ဇန်နဝါရီ၂၀ ရက်နေ့ မွန်းလွဲ ၁ နာရီဝန်းကျင် အချိန်မှာ ကွယ်လွန်သွားခဲ့တာလို့ သိရပါတယ်။
“ သူက ဝေဒနာကို အကြာကြီး ခံစားခဲ့ရတာ။ တကယ်လို့သာ သူ့ကို စောတွေ့ခဲ့မယ်။ စောစောတွေ့နိုင်မယ့် နေရာမျိုးမှာ ရွေ့ထားပေးခဲ့မယ်ဆို အသက်ရှင်နိုင်သေးတယ်။ အခုက လူကိုသတ် ပစ္စည်းလုတာတင် မဟုတ်ဘူး သူ့ဂုဏ်သိက္ခာကိုပါ ထိခိုက်စေတဲ့ပုံစံမျိုးနဲ့ ထားခဲ့တာ အရမ်းကို ရက်စက်ဆိုးဝါးလွန်းတယ်။ ခုပုံစံက LGBT ကိုတဆင့်နှိမ့်ပြီး သူဒါလိုချင်လို့ ဒီလိုခံရတာဆိုတဲ့ အတွေးအခေါ်မျိုးနဲ့ လုပ်ခဲ့တာ ” လို့ LGBT အခွင့်အရေး ဆောင်ရွက်နေသူ တဦးက မှတ်ချက်ပြုပါတယ်။
ဧရာဝတီမ ဟာ ထိုင်းမှာ နေထိုင် အလုပ်လုပ်ကိုင်နေတာ ဆယ်စုနှစ် တခုရှိနေပြီဖြစ်ပြီး လူမှုကွန်ရက်စာမျက်နှာတွေက တဆင့် အဝတ်အထည်နဲ့ အလှကုန်ပစ္စည်းတွေ ရောင်းချရင်း လူသိများလာတဲ့သူ ဖြစ်ပါတယ်။
လက်ရှိမှာတော့ သူ့ရဲ့သေဆုံးမှုကို အကြောင်းပြုပြီး လူမှုကွန်ရက်ပေါ်မှာ လူစိတ်ဝင်စားမှုရအောင် AI နဲ့ဖန်တီးပြီး ကျူးလွန်သူကို ဖမ်းမိပြီ ဆိုတဲ့ သတင်းမှားတွေအပြင် တချို့သော စိစစ်ရခက်ခဲတဲ့ လူမှုကွန်ရက်အကောင့်တွေက သူတို့ဖမ်းမိထားပါတယ်ဆိုပြီး ဆက်သွယ်လာတာတွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။
လူသတ်ပြီး ပစ္စည်းယူသွားခဲ့ကြတဲ့ ဒီအမှုဖြစ်စဉ်မှာ ပူးပေါင်းကျူးလွန်သူ ၄ ဦးဖြစ်နိုင်တယ်လို့ ကနဦးကောက်ချက်ရှိခဲ့ပေမယ့် လက်ရှိမှာတော့ ထင်ရှားတဲ့ နှစ်ဦးကိုသာ ရှာဖွေနိုင်ဖို့ မဲဆောက်က ရဲတပ်ဖွဲ့ဝင်တွေနဲ့ သက်ဆိုင်ရာ အသိုင်းအဝိုင်းက ကြိုးစားနေကြတာဖြစ်ပါတယ်။
ဒီအမှုမှာ သံသယရှိသူတွေဟာ မြန်မာနိုင်ငံငံအခြမ်းကို ပြန်လည်ဝင်ရောက်သွားနိုင်ချေတွေလည်း ရှိနေတာမို့ စစ်ကောင်စီ လက်အောက်ခံ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကိုလည်း သတင်းပို့ထားပြီး ပူးပေါင်းဆောင်ရွက်မှုတွေ ပြုလုပ်နေတယ်လို့ ကျူးလွန်သူကို ဖမ်းမိနိုင်ဖို့ ကူညီဆောင်ရွက်နေကြသူတွေက ဆိုပါတယ်။
လက်ရှိမှာတော့ ဧရာဝတီမရဲ့ မိတ်ဆွေတချို့က ကျူးလွန်သူရဲ့ မိသားစုတွေဟာ ဘယ်မှာနေထိုင်ကြပြီး ဘယ်သူတွေနဲ့အဆက်သွယ်ရှိနေတယ်ဆိုတာတွေကို ဆက်တိုက်ဖော်ထုတ်နေကြပါတယ်။
#ဧရာဝတီမအမှု #ကျူးလွန်သူ #မမိသေး #DeltaNewsAgency #DNA