ဧရာ၀တီမှာ မျိုးစေ့ချကရိယာတွေ မဝယ်မနေရ ရောင်းချနေပြန်

“တကယ်အသုံးဝင်ရင်တော့ ကိစ္စမရှိဘူး၊ အခုက သိပ်လည်း အသုံးမဝင်ဘူး။ လယ်သမားတွေမှာက အဲဒီစက် မပါဘဲ သွင်းအာစုတွေစျေးကြီးလို့ အရှုံးပေါ်နေကြတာ။ မလိုအပ်တာတွေပါ ထပ်ဝယ်နေရင် အမြတ်ရဖို့ဆိုတာ မလွယ်တော့ဘူး”

၁၆၊ ဒီဇင်ဘာ။

ဧရာ၀တီတိုင်းအစိုးရအဖွဲ့နဲ့ မြို့နယ်၊ ကျေးရွာအုပ်ချုပ်ရေးမှူးတွေဟာ လယ်သမားတွေကို မျိုးစေ့ချ ကိရိယာတွေ မဝယ်မနေရစနစ်နဲ့ ရောင်းချနေပါတယ်။

“အရင်က တရွာကို ငါးခုစီရောင်းတယ်၊ မဝယ်မနေရ ဝယ်ရတာ။ အခုတခေါက် ထပ်ရောင်းလာတယ်၊ ပိုက်ဆံမ တတ်နိုင်ဘူး မဝယ်ပြောလို့မရဘူး။ တယောက်တည်းမဝယ်နိုင်ရင် သုံးယောက်ပေါင်း၊ လေးယောက်ပေါင်း စပ် ဝယ်ခိုင်းတယ်။  အမျိုးမျိုး ခြိမ်းခြောက်ပါတယ်။ အခုထပ်ရောင်းတော့ ထပ်ဝယ်ကြရတော့မှာ” လို့ ပုသိမ်မြို့နယ် မှ လယ်သမားတဦးက ပြောပါ တယ်။

အဲဒီမျိုးစေ့ချကိရိယာတွေကို ပုသိမ်၊ ဘိုကလေး၊ ကျုံပျော်၊ မြန်အောင် စတဲ့ မြို့နယ်တွေမှာ ပြီးခဲ့တဲ့လတွေအတွင်းက ရောင်းချခဲ့ပြီး အခုလထဲမှာ နောက်တကြိမ် ထပ်မံရောင်းချလာတာ ဖြစ်တယ်လို့ ဆိုပါတယ်။

လယ်သမားတွေမှာ လယ်ယာလုပ်ငန်းက အရှုံးပေါ်နေချိန် အဲဒီစက်တွေကို ဝယ်နေရကြတာကြောင့် အခက်အ ခဲဖြစ်နေကြတယ်လို့ ပြောကြပါတယ်။ အုပ်ချုပ်ရေးအဖွဲ့ဝင်တွေဟာ အဲဒီမျိုးစေ့ချ ကိရိယာတခုကို ကျပ်နှစ်သိန်း ခြောက်သောင်းခွဲကနေ နှစ်သိန်းရှစ်ထောင်ထိ စျေးတောင်းကာ ရောင်းချနေတာလို့ ဆိုပါတယ်။

“တကယ်အသုံးဝင်ရင်တော့ ကိစ္စမရှိဘူး၊ အခုက သိပ်လည်း အသုံးမဝင်ဘူး။ လယ်သမားတွေမှာက အဲဒီစက် မပါဘဲ သွင်းအာစုတွေစျေးကြီးလို့ အရှုံးပေါ်နေကြတာ။ မလိုအပ်တာတွေပါ ထပ်ဝယ်နေရင် အမြတ်ရဖို့ဆိုတာ မလွယ်တော့ဘူး” လို့ ဘိုကလေးမြို့နယ်မှ လယ်သမားတဦးဖြစ်တဲ့ ဦးလှသိန်းက ပြောပါတယ်။

တိုင်းအစိုးရအဖွဲ့အနေနဲ့ အဲဒီမျိုးစေ့ချကရိယာတွေကို အရင်က နေကြာစိုက်ဖို့အတွက် တောင်သူလယ်သမားတွေကို အခမဲ့ ဖြန့်ဝေပေးခဲ့ပြီး အခုနောက်ပိုင်း မဝယ်မနေရစနစ်နဲ့ အတင်းအကြပ် ရောင်းချလာခဲ့တာပါ။

ဧရာ၀တီတိုင်းဝန်ကြီးချုပ် ဦးတင်မောင်ဝင်းဟာ နယ်ဘက်တွေ ကွင်းဆင်းခရီးထွက်တဲ့အခါတွေမှာ အဲဒီမျိုးစေ့ချ ကိရိယာအနည်းငယ်ကို ယူလာပြီး တောင်သူ၊ လယ်သမားတွေဆီ အခမဲ့ဖြန့်ဝေပေးလေ့ရှိကာ သိပ်မကြာခင်မှာပဲ ထွေ အုပ်ဝန်ထမ်းတွေ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးတွေကနေတဆင့် ရောင်းစားနေတာဖြစ်ပါတယ်။

အဲဒီမျိုးစေ့ချကိရိယာဟာ ဘယ်ကုမ္ပဏီက ထုတ်တဲ့ပစ္စည်းဖြစ်တယ်ဆိုတာ တိတိကျကျမသိရပေမယ့် စစ်ကော် မရှင်အနေနဲ့ ကုမ္ပဏီတခုခုနဲ့ပေါင်းပြီး ရောင်းစားနေတာဖြစ်နိုင်ကြောင်း၊ အရင်နှစ်တွေကလည်း အဲဒီလိုလယ်သ မားတွေအတွက် တကယ်အသုံးမတည့်တဲ့ စက်ပစ္စည်းတွေ ရောင်းချခဲ့တာရှိကြောင်း ဟင်္သာတမြို့နယ်မှ လယ်သမား အရေးဆောင်ရွက်နေသူတဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ အရပ်သားအစိုးရ လက်ထက်မှာလည်း အဲဒီလို စက်ပစ္စည်းတွေကို ကုမ္ပဏီနဲ့ ပေါင်းပြီး ရောင်းချတာရှိခဲ့ပေ မယ့် အဲဒီတုန်းကတော့ မဝယ်ချင်ရင် မဝယ်လို့ရတယ်လို့ ပြောကြပါတယ်။

“အခုက အကုန်လုံး ကြောက်နေရတဲ့ခေတ် ဖြစ်နေတာကိုး၊ မရှိရင်လည်း အကြွေး ယူဝယ်ကြရမယ့်အဖြစ်တွေ” လို့ ဟင်္သာတမြို့နယ်မှ လယ်သမားအရေး ဆောင်ရွက်သူက ပြောပါတယ်။

ဧရာဝတီတိုင်း နည်းတူ အခြားတိုင်းနဲ့ ပြည်နယ်အတွင်းမှာလည်း အခုလိုမျိုး မျိုးစေ့ချကိရိယာ တွေကို အစော ပိုင်းမှာ အခမဲဖြန့်ဝေပေးပြီး နောက် ပိုင်းမှာ မဝယ်မနေရစနစ်နဲ့ ရောင်းချတာတွေ ရှိနေခဲ့တယ်လို့ သိရပါတယ်။