ဗင်နီဇွဲလားအတိုက်အခံခေါင်းဆောင် မာချာဒို ပေးအပ်တဲ့ နိုဘယ်လ်ဆုကို ထရမ့်လက်ခံရယူ

အိမ်ဖြူတော် တာဝန်ရှိသူဦးကတော့ သမ္မတထရမ့်ဟာ ဒီဆုတံဆိပ်ကို လက်ခံသိမ်းဆည်းထားဖို့ ရည်ရွယ်ထားတယ်လို့ အတည်ပြုပေးခဲ့ပါတယ်။

၁၆၊ ဇန်နဝါရီ။

ဗင်နီဇွဲလား အတိုက်အခံခေါင်းဆောင် မာရီယာ ကိုရီနာ မာချာဒိုဟာ ဇန်နဝါရီလ ၁၅ရက်နေ့က အိမ်ဖြူတော်မှာ သမ္မတ ဒေါ်နယ်ထရမ့်နဲ့တွေ့ဆုံစဉ်အတွင်း သူ ရရှိထားတဲ့ နိုဘယ်ငြိမ်းချမ်းရေးဆု တံဆိပ်ကို သမ္မတထရမ့်ထံ ပေးအပ်ခဲ့ပါတယ်။

ဒါဟာ ဗင်နီဇွဲလားနိုင်ငံရဲ့ နိုင်ငံရေးအနာဂတ်အပေါ် သမ္မတထရမ့်ရဲ့ ဆုံးဖြတ်ချက်တွေကို သူ့ဘက်က သြဇာညောင်းနိုင်ဖို့ကြိုးပမ်းလိုက်တာလည်း ဖြစ်တယ်လို့ ဆိုပါတယ်။

အိမ်ဖြူတော် တာဝန်ရှိသူဦးကတော့ သမ္မတထရမ့်ဟာ ဒီဆုတံဆိပ်ကို လက်ခံသိမ်းဆည်းထားဖို့ ရည်ရွယ်ထားတယ်လို့ အတည်ပြုပေးခဲ့ပါတယ်။

ကြာသပတေးနေ့ညနေပိုင်းမှာ ထရမ့်က သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာကနေ “ကျွန်တော် လုပ်ဆောင်ခဲ့တဲ့ အလုပ်တွေအတွက်မာရီယာက သူ့ရဲ့ နိုဘယ်ငြိမ်းချမ်းရေးဆုကို ကျွန်တော့်ကို လာပေးပါတယ်။ ဒါဟာ တဦးကိုတဦး လေးစားမှုကိုပြသတဲ့ တကယ့်ကို အံ့ဩစရာကောင်းတဲ့ လုပ်ရပ်ပါပဲ။ ကျေးဇူးတင်ပါတယ် မာရီယာ”လို့ ရေးသားခဲ့ပါတယ်။

ဒီတွေ့ဆုံမှုကို အလွန်ထူးခြားကောင်းမွန်တယ်လို့ မာချာဒိုက ဆိုပါတယ်။ ဗင်နီဇွဲလားပြည်သူတွေ လွတ်လပ်ခွင့်ရဖို့အတွက် သမ္မတထရမ့်ရဲ့ ကတိကဝတ်အပေါ် အသိအမှတ်ပြုတဲ့အနေနဲ့ အခုလို လက်ဆောင်ပေးတာ ဖြစ်တယ်လို့လည်း သူက ပြောပါတယ်။

သမ္မတထရမ့်ဟာ ရာထူးကဖယ်ရှားခံလိုက်ရတဲ့ သမ္မတ နီကိုးလပ်စ် မာဒူရိုရဲ့နေရာမှာ မာချာဒိုကို ဗင်နီဇွဲလားခေါင်းဆောင်အဖြစ်တင်မြှောက်ဖို့ စိတ်ကူးကို ပယ်ချလိုက်ပြီးနောက်မှာ မာချာဒိုက နိုဘယ်ငြိမ်းချမ်းရေးဆုကို အခုလို ပေးအပ်ခဲ့တာပါ။

တကယ်တော့ ထရမ့်ဟာ မာချာဒိုကို နိုဘယ်လ်ဆု မပေးခင်ကတည်းက ဒီဆုကို သူရသင့်တယ်လို့ လူသိရှင်ကြား စည်းရုံးခဲ့ဖူးသလို သူ ချန်လှပ်ခံလိုက်ရတဲ့အခါမှာလည်း တော်တော်လေး မကျေမနပ် ဖြစ်ခဲ့ဖူးပါတယ်။

မာချာဒိုက နိုဘယ်ဆုရှင်တွေရရှိတဲ့ ရွှေတံဆိပ်ကို ထရမ့်ကို ပေးလိုက်ပေမယ့်လည်း ဆုရှင်ဆိုတဲ့ ဂုဏ်ပုဒ်ကတော့ သူ့ဆီမှာပဲရှိနေမှာပါ။ နိုဘယ်လ်ဆုဆိုတာ တဦးကနေ တဦးကို လွှဲပြောင်းပေးလို့ မရသလို၊ ခွဲဝေယူတာ ဒါမှမဟုတ် ပြန်လည်ရုပ်သိမ်းတာမျိုး လုပ်လို့မရဘူးလို့ နော်ဝေနိုင်ငံ နိုဘယ်လ်ကော်မတီက ပြောထားပါတယ်။

 

Ref – Reuters