
“ည၁၀နာရီလောက်ကျ ရွာထဲက လမ်းတွေပေါ်လိုက်ကြည့်ရတယ်၊ပြီးရင် သတ်မှတ်ထားတဲ့ စုရပ်မှာ ရှိပေးရုံပါပဲ။အမျိုးသမီးတွေစောင့်ကြတာများတော့မုန့်လေးစားလိုက်စကားလေးပြောလိုက်နဲ့ သူ့အရပ်နဲ့သူအဆင်ပြေနေပြီ။အသားကျနေပါပြီ၁နှစ်ကျော်တောင်ရှိနေပြီလေ”
၁၆၊ဇန်နဝါရီ။
ဧရာဝတီတိုင်းဒေသကြီး၊မြန်အောင်မြို့နယ်အတွင်းက ကျေးရွာတွေမှာ ရပ်ရွာလုံခြုံရေးခေါင်းစဉ်နဲ့ ကင်းစောင့်ကြရတဲ့အခါ အမျိုးသားတွေ အရေအတွက် နည်းကုန်တာ၊ ရှိတဲ့အမျိုးသားတွေကိုလည်း ကင်းစောင့်လွှတ်ရင်း စစ်မှုထမ်းထဲ ပါသွားမှာ စိုးရိမ်ကြတဲ့အတွက် အမျိုးသမီးတွေက ကိုယ်စားတာဝန်ယူ ကင်းစောင့်နေကြရပါတယ်။
“အရင်ကတော့ အမျိုးသားတွေပဲစောင့်တာ။ စစ်မှုထမ်းဥပဒေ ထွက်လာတော့ ရွာထဲမှာ ယောကျ်ားလေး အတော်ရှားသွားပြီ။နိုင်ငံခြားထွက်ကုန်ကြတော့တာ။ ရှိတဲ့သူ နည်းနည်းပဲဆိုတော့ အမေတွေ အမျိုးသမီးတွေက စိတ်မချကြဘူးလေ။ ခေါ်သွားကြမှာ စိုးတာကိုး ။ အဲ့ဒါကြောင့် ပိုက်ဆံလည်းပေး ကင်းစောင့်လည်းလိုက်ကြရတာ။ ရွေးချယ်စရာမှ မရှိကြတာပဲ”လို့ မြန်အောင်မြို့နယ်အတွင်းက ဒေသခံတဦးက ပြောပါတယ်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဧရာဝတီတိုင်းအတွင်းက ကျေးရွာတွေမှာ အုပ်ချုပ်ရေးမှူးတွေက ဦးဆောင်ပြီး ရပ်ရွာလုံခြုံရေးခေါင်းစဉ်နဲ့ လှည့်ကင်းတွေ၊ညစောင့်ကင်းတွေ ပေါ်ပေါက်လာခဲ့တာပါ။ လက်ရှိမှာတော့ မြန်အောင်မြို့နယ်အတွင်းက ကုန်းတလုန်း၊ဂွေးကုန်း၊ရှောက်ကုန်း၊ဆပ်ပြာကျင်း၊တဲကြီးကုန်း စတဲ့ကျေးရွာတွေဘက်မှာ အမျိုးသမီးတွေက ကင်းစောင့်နေကြရပြီး တခြားကျေးရွာတွေမှာလည်း အခုလို အမျိုးသားတွေအစား အမျိုးသမီးတွေပါ ကင်းစောင့်နေကြရတာမျိုးတွေ ရှိနေတယ်လို့ သိရပါတယ်။
“တအိမ်ကိုတယောက်လိုက်ရမယ်ပြောပြီးခေါ်တာ အိမ်မှာရှိတဲ့ သားနဲ့အမျိုးသားက စစ်မှုထမ်းခေါ်တဲ့ အသက်ထဲပါနေတော့စိတ်မချလို့ ကျမပဲလိုက်သွားပြီး ကင်းစောင့်ပေးလိုက်တယ်။ သူတို့ကလည်းစောင့်လို့ရတယ် ဘယ်သူပဲစောင့်စောင့်လို့ပြောတာပဲ”လို့ လုံခြုံရေးအရ အမည်မဖေါ်လိုတဲ့ ရွာရဲ့ လှည့်ကင်းမှာ ကိုယ်တိုင်ကင်းစောင့်နေရတဲ့ အသက် ၄၀ ကျော် အမျိုးသမီးတဦးက ပြောပါတယ်။
စစ်ကောင်စီကသတ်မှတ်ထားတဲ့ စစ်မှုထမ်းဥပဒေအရ အမျိုးသားအသက်၁၈ နှစ်ကနေ ၃၅ နှစ် အတွင်း ပညာရပ်တခုမှာ ကျွမ်းကျင်သူဆိုရင်တော့ အသက်၄၅နှစ်အထိ တာဝန်ထမ်းဆောင်ရမယ်လို့ ပါရှိပါတယ်။ ဥပဒေထုတ်ပြန်ပြီး နောက်ပိုင်း ဧရာဝတီတိုင်းအတွင်းမှာ နေရပ်စွန့်ခွာ ပြောင်းရွှေ့အခြေချတဲ့ လူငယ်တွေ များပြားခဲ့ပြီး ကျောင်းသားနဲ့ ကျန်းမာရေးချို့တဲ့သူ အချို့သာ ကျန်တော့တယ်လို့ သိရပါတယ်။
မြန်အောင်မြို့နယ်အတွင်းက ကျေးရွာတွေမှာ ၂၀၂၁ နှစ်ကုန်ပိုင်းက စပြီး ရပ်ရွာ လုံခြုံရေးအတွက် ကိုယ်တိုင် ကင်းမစောင့်နိုင်သူတွေက ကင်းကြေးပေးနေရပြီး ၂၀၂၄ အတွင်းမှာ စစ်မှုထမ်းကြေးကိုပါ ထပ်တိုးပေးဆောင်နေကြရတာပါ။လူငယ်အများစုက စစ်မှုထမ်းကြရမှာ စိုးရိမ်တဲ့အတွက် နိုင်ငံခြားကို ရတဲ့နည်းနဲ့ ထွက်ပြီး အလုပ်လုပ်ကိုင်နေကြရတဲ့အတွက် ရွာတွေမှာ ကင်းစောင့်ဖို့ အမျိုးသမီးတွေကိုယ်တိုင် ပါဝင်နေကြရတာ ၁ နှစ်ကျော်ခဲ့ပြီလို့ မြန်အောင်မြို့နယ်အတွင်းက အမျိုးသမီးတဦးက ပြောပါတယ်။
“ည၁၀နာရီလောက်ကျ ရွာထဲက လမ်းတွေပေါ်လိုက်ကြည့်ရတယ်၊ပြီးရင် သတ်မှတ်ထားတဲ့ စုရပ်မှာ ရှိပေးရုံပါပဲ။အမျိုးသမီးတွေစောင့်ကြတာများတော့မုန့်လေးစားလိုက်စကားလေးပြောလိုက်နဲ့ သူ့အရပ်နဲ့သူအဆင်ပြေနေပြီ။အသားကျနေပါပြီ၁နှစ်ကျော်တောင်ရှိနေပြီလေ” လို့ဆိုပါတယ်။
မြန်အောင်မြို့ပေါ်မှာ ရပ်ကွက်(၁၅)ရပ်ကွက်နဲ့ ကျေးရွာအုပ်စု (၅၈) ခုနှင့် ကျေးရွာပေါင်း(၄၉၄)ရွာ ပါဝင်ပြီး ၂၀၂၅ခုနှစ်မှာ ခရိုင်အဆင့်သတ်မှတ်ခံထားရတဲ့ မြို့တမြို့ဖြစ်ပါတယ်။၂၀၂၅ ခုနှစ် မတ်လကုန်အထိ ကောက်ယူထားတဲ့ စာရင်းတွေအရ အိမ်ထောင်စုပေါင်း ၅၈,၀၀၀ ကျော်ရှိပြီး အသက် ၁၈ နှစ်အထက် အမျိုးသား ၇ သောင်းကျော်နဲ့ အမျိုးသမီး ၈ သောင်းကျော် ရှိနေပါတယ်။
မြန်အောင်မြို့ပေါ် အမှတ် ၆ ရပ်ကွက်မှာ နတခ လက်အောက်ခံ ခလရ(၅၁) တပ်ရင်း ရှိနေပါတယ်။