ရန်ပုံငွေဖြတ်တောက်မှုကြောင့် လူ ၁၄သန်း ဆိုးရွားတဲ့ အငတ်ဘေး ကြုံရနိုင်

အမေရိကန်ပြည်ထောင်စုဟာ WFP ရဲ့ အကြီးဆုံး အလှူရှင်အဖြစ် ဆက်ရှိနေပေမယ့် သမ္မတ ဒေါ်နယ်ထရမ့် အစိုးရရဲ့ နိုင်ငံခြားအကူအညီ လျှော့ချရေး အစီအစဉ်အရ ဒေါ်လာ ၃ ဘီလီယံနီးပါး လျှော့ချခဲ့ပါတယ်။

၁၇ ၊ အောက်တိုဘာလ

အလှူရှင်ကြီးတွေရဲ့ ရန်ပုံငွေ သိသိသာသာ လျှော့ချမှုကြောင့် လူပေါင်း ၁၄ သန်းနီးပါးဟာ အလွန်ဆိုးရွားတဲ့ ငတ်မွတ်ခေါင်းပါးမှု အန္တရာယ်နဲ့ ရင်ဆိုင်နေရကြောင်း ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က အောက်တိုဘာ ၁၅ ရက်မှာ သတိပေးခဲ့ပါတယ်။

ကုလသမဂ္ဂရဲ့ ရန်ပုံငွေ အများဆုံးရရှိတဲ့ အေဂျင်စီဖြစ်တဲ့ WFPရဲ့ ရန်ပုံငွေဟာ အခုနှစ်မှာ ၄၀ ရာခိုင်နှုန်း ကျဆင်းပြီး စုစုပေါင်းဘတ်ဂျက် အမေရိကန်ဒေါ်လာ ၆.၄ ဘီလီယံထိ လျော့ကျခဲ့ပါတယ်။

အမေရိကန်ပြည်ထောင်စုဟာ WFP ရဲ့ အကြီးဆုံး အလှူရှင်အဖြစ် ဆက်ရှိနေပေမယ့် သမ္မတ ဒေါ်နယ်ထရမ့် အစိုးရရဲ့ နိုင်ငံခြားအကူအညီ လျှော့ချရေး အစီအစဉ်အရ ဒေါ်လာ ၃ ဘီလီယံနီးပါး လျှော့ချခဲ့ပါတယ်။

တခြား အဓိကနိုင်ငံကြီးတွေကလည်း အကူအညီ ပြန်ရုတ်သိမ်းတာတွေ ရှိခဲ့ပါတယ်။

WFPရဲ့ အစီရင်ခံစာအရ စားနပ်ရိက္ခာအကူအညီ ဖြတ်တောက်မှုကြောင့် အာဖဂန်နစ္စတန်၊ ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ၊ ဟေတီ၊ ဆိုမာလီယာ၊ တောင်ဆူဒန်နဲ့ ဆူဒန်နိုင်ငံက လူပေါင်း ၁၃.၇ သန်း ကို ငတ်မွတ်ခေါင်းပါးမှု “အကျပ်အတည်း” အဆင့်ကနေ “အရေးပေါ်” အဆင့် ရောက်ရှိသွားစေနိုင်စေတယ်လို့ သတိပေးခဲ့ပါတယ်။

လက်ရှိအချိန်ထိ အာဖဂန်နစ္စတန်မှာလည်း အကူအညီလိုအပ်သူတွေရဲ့ ၁၀ ရာခိုင်နှုန်းအောက်ကိုသာ စားနပ်ရိက္ခာပေးနိုင်သေးပါတယ်။

ဒါ့အပြင် နှစ်နှစ်ကျော်ကြာ စစ်ဖြစ်နေတဲ့ ဆူဒန်နဲ့ ဂါဇာတို့မှာလည်း အငတ်ဘေးဖြစ်ပွားနေကြောင်း ကြေညာထားပြီးဖြစ်တယ်လို့ WFP က ဆိုပါတယ်။

လာမည့်လ ဘရာဇီးနိုင်ငံ ဘီလမ်မြို့ရှိ အမေဇုန် မိုးသစ်တောအနီး ကျင်းပမယ့် COP30 ရာသီဥတုညီလာခံ မတိုင်မီ WFP ရဲ့ အစီရင်ခံစာ ထွက်ပေါ်လာတာပါ။

အဆိုပါညီလာခံမှာ ခေါင်းဆောင်တွေဟာ ရာသီဥတုဆိုင်ရာ လုပ်ဆောင်ချက်တွေရဲ့ ဗဟိုချက်အဖြစ် စားနပ်ရိက္ခာစနစ်တွေကို ဆွေးနွေးသွားဖို့ မျှော်လင့်ရပါတယ်။

အင်ဒိုနီးရှား၊ ပါကစ္စတန်နဲ့ ဘင်္ဂလားဒေ့ရှ် အပါအဝင် အာရှရဲ့ ထိပ်တန်း စားနပ်ရိက္ခာ တင်ပို့ရောင်းချတဲ့ နိုင်ငံတွေကိုယ်တိုင် သူတို့ရဲ့ပြည်တွင်းမှာ ငတ်မွတ်မှု ၊ အာဟာရချို့တဲ့မှု ပြဿနာတွေနဲ့ ရင်ဆိုင်နေရပါတယ်။

Ref – CNA