ပုသိမ်-မော်တင်ကားလမ်းနဲ့ ငွေဆောင်ကားလမ်းအနီးကရွာထဲကို တောဆင်ရိုင်းတွေဝင်ရောက်

၂၉၊ ဒီဇင်ဘာ၊ ၂၀၂၀။

ဧရာဝတီတိုင်း၊ ငပုတောမြို့နယ်မှာ အခုရက်ပိုင်းအတွင်း ပုသိမ်-မော်တင်ကားလမ်းအနီး မိုင်တိုင်အမှတ် ၂၉အနီးက ကျေးရွာတချို့နဲ့ ပုသိမ်-ငွေဆောင်ကားလမ်း မိုင်တိုင်အမှတ် ၁၉ အနီးက ကျေးရွာတချို့ကို တောဆင်ရိုင်း ဝင်ရောက်လာတာတွေ ရှိနေ​တယ်လို့ ဒေသခံတွေကပြောပါတယ်။

တောဆင်ရိုင်းတွေဟာ တောအတွင်းမှာ မုဆိုးအန္တရယ် ရှိနေတာကို သဘာဝအရ သိရှိပြီး လူများရှိရာ ရွာများ အနီး ချည်းကပ်ပုံရတယ်လို့ ငပုတောမြို့နယ် တင်းချောင်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်မြင့်ထွန်းက ပြောပါတယ်။

“စွယ်စုံကြီးပါ မုဆိုးတွေ သတ်မယ့် အန္တရယ် ရှိနေပါတယ် တောထဲကို မုဆိုးဝင်နေပြီဆိုတာ သူတို့ သဘာဝအရသိလို့ သူ့ကိုအကာအကွယ်ပေးနိုင်မယ့် လူအများရှိတဲ့ ရွာတွေအနားကပ်လာတာပါ လူကို အန္တရယ်ပြုတာ မရှိဘူး စိုက်ခင်းတွေ စားတာမျိုးတော့ ရှိတယ် နောက်တစ်ကောင်ကတော့ ငွေဆောင်ဘက်မှာပါ အဲ့ဆင်ကဆိုးတယ်” လို့ သူကရှင်းပြပါတယ်။

ပုသိမ်-ငွေဆောင်ကားလမ်းဘေး ရေသိုးကျေးရွာအနီးက ကျေးရွာတချို့ကို ဝင်ရောက်တဲ့ တောဆင်ရိုင်းဟာ အမြင့် ၁၀ပေကျော်ရှိတဲ့ ဟိုင်းဆင်အမျိုးအစားပါ။ အဲဒီဆင်ဟာ တောတွင်းမှာ လူ(မုဆိုး)တွေရဲ့ တိုက်ခိုက်မှုခံရလို့ ဒေါသဖြစ်နေပုံရပြီး လူကိုအန္တရာယ်ပြုတဲ့အပြင် ကွန်ဂျီဆင်တွေကို ပြန်လည်တိုက်ခိုက်ခဲ့တယ်လို့ ပုသိမ်မြို့နယ်မှ ဆင်အုပ်ကြီး ဦးစံသိန်းက ပြောပါတယ်။

ပုသိမ် ၊ ငပုတော ၊ သာပေါင်းမြို့နယ်အတွင်း သစ်တောတွေဟာ ရခိုင်ရိုးမတောင်စွယ်နဲ့ တစ်ဆက်တည်း ရှိနေပြီး တောဆင်ရိုင်းအကောင်ရေ ၂၀၀ ဝန်းကျင် လှည့်လည်ကျက်စားကြပါတယ်။ ဒေသတွင်းသစ်တောတွေ ပြုန်းတီးလာလို့ စားကျက်တွေ ကွယ်ပျောက်ကွယ်လာတာနဲ့ ဆင်သတ်မုဆိုးတွေရဲ့ အန္တရာယ်ကြောင့် တောဆင်ရိုင်းတွေဟာ လူတွေနေထိုင်တဲ့အရပ်နဲ့ အလွန်နီးကပ်လာပြီး လူနဲ့ဆင်ကြား ပဋိပက္ခတွေ ပိုမို ဖြစ်ပွားလာတာပါ။

ဒါ့အပြင် ဧရာဝတီတိုင်းဟာ မြန်မာနိုင်ငံမှာ တောဆင်ရိုင်းသတ်ဖြတ်ခံရမှု အများဆုံးဒေသတစ်ခု ဖြစ်တယ်လို့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အချက်အလက်တွေက ဖော်ပြထားပါတယ်။