ပုသိမ်မှာ အရက်ပုံးပေါ် ဖယောင်းတိုင်မီးထွန်းရာကနေ အဆောက်အဦး ခုနှစ်လုံး မီးလောင်ဆုံးရှုံး

ပျက်စီးဆုံးရှုံးတာက လက်ရှိကာလ တန်ဘိုး ကျပ် သိန်း ၃၀၀၀ကျော်ရှိမယ်။ လူနဲ့တိရိစ္ဆာန် သေကျေတာ၊ ပျက်စီးတာမရှိဘူး။

၆ အောက်တိုဘာ

အောက်တိုဘာလ ၅ ရက်နေ့ ည ၁၁ နာရီကျော်က ဧရာဝတီတိုင်း ပုသိမ်မြို့အမှတ် ၅ ရပ်ကွက်၊ပုသိမ် ဘူတာ နဲ့ ဘူတာဈေး အနီး ဝဏ္ဏသိင်္ဂီလမ်းရှိ နဒီဧရာ အရက်ဆိုင်မှာ မီးလောင်ခဲ့ပါတယ်။ အရက်ပုံးပေါ် ဖယောင်းတိုင် မီးထွန်းမိရာကနေ မီးလောင်ကျွမ်းမှု ဖြစ်ပွားပြီး မီးရထားဌာန ဝန်ထမ်း အိမ်ရာ ၂ လုံး နဲ့ မီးရထားဌာန အငှားမြေယာပေါ်ရှိ ဆိုင်ခန်း ၅ ခန်းမီးလောင်ကျွမ်းခဲ့ပါတယ်။

“နဒီဧရာ အရက်ဆိုင်က စလောင်တာပါ။အရက်ဆီပုံးပေါ် ဖယောင်းတိုင် မီးတင်ထွန်းတာကနေ မီးစွဲလောင်တာ။ ပျက်စီးဆုံးရှုံးတာက လက်ရှိကာလ တန်ဘိုး ကျပ် သိန်း ၃၀၀၀ကျော်ရှိမယ်။ လူ နဲ့တိရိစ္ဆာန် သေကျေတာ၊ ပျက်စီးတာမရှိဘူး။ မီးသတ်ဌာန ရဲ့ အဆောက်အဦး နှစ်အလိုက် တရားဝင်တန်ဖိုးလျှော့ချ တွက်ချက်မှုကတော့ ပြောမပြနိုင်သေးဘူး”လို့ မီးသတ်တပ်ဖွဲ့ တာဝန်ရှိသူကပြောပါတယ်။

မီးလောင်ကျွမ်းမှုကြောင့် မီးရထားဌာန ဝန်ထမ်း အိမ်ရာ ၂ လုံး နဲ့ နဒီဧရာ အရက်ဆိုင်၊ တောသူမ သနပ်ခါးတုန်း အရောင်းဆိုင်၊ထမင်းဆိုင် တို့အပါ အဝင် ဆိုင်ခန်း ၅ ခန်း မီးလောင်ဆုံးရှုံးခဲ့ပြီး မီးသတ်ဌာနက ပုသိမ်နယ်မြေ ရဲစခန်း မှာ ဒီနေ့ အောက်တိုဘာ ၆ ရက်နေ့ မနက်ပိုင်းက အမှုဖွင့် တိုင်ကြား ခဲ့ပါ တယ်။

မီးသတ်ဌာန အမှုဖွင့်တိုင်ကြားချက်အရ မီးလောင် ကျွမ်းမှု စတင်ဖြစ်ပွားတဲ့ နဒီဧရာ အရက်ဆိုင်ပိုင်ရှင် ဦးအောင်မျိုးထက် အသက် ၃၆ နှစ်ရှိသူကို ပုသိမ် နယ်မြေ ရဲစခန်းက မီးပေါ့ဆမှု ပုဒ်မ ၂၈၅ နဲ့ အမှုဖွင့် အရေးယူ ဆောင်ရွက်ထားပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၃၀ ရက်နေ့ည က ပုသိမ် မြို့ နဲ့ တဆက်စပ်တည်း ရှိတဲ့ ကန်ကြီးထောင့် မြို့ အမှတ်(၁)ရပ်ကွက် ကမ်းနားလမ်းရှိ မြို့မဈေး သစ်မှာ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပြီး စည်ပင်သာယာ ဆိုင်ခန်း ၁၃ ခန်း မီးလောင်ကျွမ်းခဲ့ပါသေးတယ်။