ဝါးခယ်မမှာ ကျေးရွာအပိုင်းသီးခြားခွဲထုတ်ပေးဖို့ ဒေသခံတွေတောင်းဆို

၂၅ ၊ ဒီဇင်ဘာလ ၊ ၂၀၂၀ ။

ဧရာဝတီတိုင်း၊ ဝါးခယ်မမြို့နယ် နန့်အဲလောင်ကျေးရွာအုပ်စုကို ကျေးရွာအပိုင်း သီးခြားခွဲထုတ်ပေးဖို့ ဧရာဝတီတိုင်းအစိုးရအဖွဲ့ဝန်ကြီးချုပ်နဲ့ တာဝန်ရှိသူများ​တွေဆီကို တောင်းဆိုထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

နန့်အဲလောင် ကျေးရွာအုပ်စုဝင်ရွာတွေဖြစ်တဲ့ နန့်အဲလောင်ရွာ၊ ဖာတိုက်ရွာ၊ ထီးဝဖလံရွာနဲ့ ဓနှုံးချောင်းကြီးရွာ စတဲ့ လေးရွာရှိတဲ့အနက် ကျေးရွာအုပ်စုအလယ်က ဖြတ်သန်းစီးဆင်းနေတဲ့ သရက်တောမြစ်ရဲ့ အနောက်ဘက်ကမ်းက ထီးဝဖလံရွာနဲ့ ဓနှုံးချောင်းကြီးရွာတို့က ဒေသခံအိမ်ထောင်စု ၂၀၀ကျော်ရဲ့ အိမ်ထောင် ဦးစီးတွေ စုပေါင်းလက်မှတ် ထိုးကာ ဒီဇင်ဘာ ၂၃ရက်နေ့က တောင်းဆိုခဲ့ကြတာပါ။

ပေ (၃၀၀၀)အကျယ်ရှိ သရက်တောမြစ်ခြားနေပြီး ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ရုံးမစိုက်တဲ့ မြစ်အနောက်ဘက်ကမ်းက ထီးဝဖလံနဲ့ ဓနှုံးချောင်းကြီးကျေးရွာတို့မှာ အုပ်ချုပ်စီမံရေးကိစ္စ ၊ ကျန်းမာရေးနဲ့ တရားဥပဒေစိုးမိုးရေးကိစ္စတို့မှာ အချိန်နဲ့ တစ်ပြေးညီဆောင်ရွက်ဖို့ အခက်အခဲတွေ ရှိနေတာကြောင့် တင်ပြရတာဖြစ်တယ်လို့ ဒေသခံ ဦးမျိုးမြင့်အောင်က ပြောပါတယ်။

“မြစ်ကကျယ်တဲ့အပြင် သုံးရာသီစလုံး လှိုင်းလေကရှိနေတယ်။ ဆက်သွယ်သွားလာရေးအခက်အခဲရှိတော့ အုပ်ချုပ်ရေးမှူးနဲ့အုပ်ချုပ်ရေးအဖွဲ့ ရဲ့စီမံရေးရာကိစ္စ၊တရားဥပဒေစိုးမိုးရေးကိစ္စတွေမှာ ထိရောက်မှုမရှိဘူး ဖြစ်နေတယ်။ ကိုဗစ်အရေးပေါ်ကာလ အခုလို အသွားအလာကန့်သတ်ချိန်မှာ ပိုအခက်အခဲဖြစ်ရတယ်။ မလိုအပ်တဲ့အခြေအနေမဖြစ်ရအောင် ကျေးရွာအုပ်စုခွဲပေးစေချင်တာပါ”လို့ ထီး၀ဖလံရွာနဲ့ ဓနှုံးချောင်းကြီးရွာမှ ရာအိမ်မှူးဦးသိန်းရွှေကလည်း ပြောပါတယ်။

အဆိုပါကျေးရွာနှစ်ရွာမှာ အိမ်ထောင်စု ၂၅၀၊ လူဦးရေတစ်ထောင်ဝန်းကျင်ရှိပြီး စိုက်ပျိုးမြေ ၉၆၄ဧက၊ အလယ်တန်းကျောင်းတစ်ကျောင်း၊ ဝန်ထမ်းအိမ်ရာ ၊ စာကြည့်တိုက်နဲ့ ကျေးလက်ဆေးပေးခန်းတစ်ခန်းတို့ရှိတယ်လို့ သိရပါတယ်။