“တနေရာမှာ ရဲနဲ့ စစ်သား ၃ ယောက်ရှိတယ်ဆိုရင် သူတို့ (ပြည်သူ့စစ်) က ၈ ယောက် လောက်ရှိတယ်။ ရစ်တာကလည်း သူတို့ (ပြည်သူ့စစ်) ပဲ”လို့ မအူပင်မြို့ကိုသွားရောက်ခဲ့သူကပြောပါတယ်။
၁၃၊စက်တင်ဘာလ။
ဧရာဝတီတိုင်း မအူပင်နဲ့ အင်္ဂပူမြို့တွေမှာ မိုးပြာရောင်ဝတ်ဆင်ထားတဲ့စစ်တပ်လက်အောက်ခံပြည်သူ့စစ်တွေ အင်အားပိုမိုများပြားလာတဲ့ အပြင် အရပ်သားပြည်သူတွေကို နည်းလမ်းမျိုးစုံနဲ့ ဒုက္ခပေးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စက်တင်ဘာ ၁၀ ရက်က မအူမြို့ကိုသွားရောက်ခဲ့တဲ့ ပြည်သူတဦးက”အရင်လတုန်းက မအူပင် သွားတာနဲ့တောင်မတူတော့ဘူး။ မအူပင်တံတားအတက် ကနေစပြီး တမြို့လုံး လမ်းဆုံတိုင်းမှာ သူတို့ (ပြည်သူ့ စစ်) တွေရှိတယ်”လို့ ပြောပါတယ်။
မိုးပြာရောင်ယူနီဖောင်းကို ဝတ်ဆင်ထားတဲ့ ပြည် သူ့စစ်တွေဟာ စစ်သားတွေ ၊ ရဲတွေထက် ပိုမိုများ ပြားတယ်လို့ သူက ဆက်ပြောပါတယ်။
“တနေရာမှာ ရဲနဲ့ စစ်သား ၃ ယောက်ရှိတယ်ဆိုရင် သူတို့ (ပြည်သူ့စစ်)က ၈ ယောက်လောက်ရှိတယ်။ ရစ်တာကလည်း သူတို့ (ပြည်သူ့စစ်) ပဲ”လို့ မအူပင်မြို့ကိုသွားရောက်ခဲ့သူကပြောပါတယ်။
မအူပင်မြို့မှာရှိတဲ့ ပြည်သူ့စစ်တွေဟာ ခရီးသွားပြည်သူတွေကို မှတ်ပုံတင်တောင်းယူပြီးတော့ သွားရောက် မည့်ခရီးစဉ်အကြောင်းကို စတင်မေးမြန်းပါတယ်။ အဲဒီနောက်မှာတော့ ကားပေါ်ကနေ လမ်းဆင်းလျောက်ခိုင်းတာတွေ ၊ အရင်နေထိုင်ခဲ့တဲ့တည်နေရာတွေ ၊ အလုပ်အကိုင်တွေကိုလည်း မေးမြန်းတယ်လို့ ခရီးသွားအရပ်သားကဆက်ပြောပါတယ်။
“အချိန် နာရီဝက်လောက်ဖြုန်းပြီး တမင်ရစ်တာ။ နောက်ဆုံး လူကြီးနဲ့သွားတွေ့ပါဆိုပြီး အဲလူကြီး ၅ သောင်း တောင်းတော့တာပဲ။ ပိုက်ဆံလည်းပေးရ ၊ အရစ်လည်းခံရ ၊ သူတို့ (စစ်တပ်) ရစ်တာက ကားပေါ်ပါလာတဲ့ ခရီး သွားမှတ်ပုံတင်တွေက မလဲလှယ် ရသေးတာ ၊ ၅မျဥ်းစောင်း(စစ်ကိုင်း)ဖြစ်နေတာကိုရစ်တာ” လို့ သူကဆက်ပြောပါတယ်။
လက်နက်ကိုင်ဆောင်ထားတဲ့ ပြည်သူ့စစ်တွေဟာ လမ်းသွားလမ်းလာဆိုင်ကယ်တွေကို တားဆီးစစ် ဆေးတာ ၊ အထောက်အထားမပြည့်စုံတဲ့ ဆိုင်ကယ်တွေအပါအဝင် ဦးထုပ်မဆောင်းဘဲမောင်းနှင်တဲ့ဆိုင်ကယ်တွေကို ဖမ်း ဆီး ဒဏ်ရိုက်တာတွေကိုလည်း နေ့စဉ်လုပ်ဆောင်တယ်လို့ မအူပင်မြို့ခံက ပြောပါတယ်။
“သူတို့ (ပြည်သူ့စစ် ၊ စစ်တပ် ၊ ရဲ ) က မနက်ပိုင်းနဲ့ ညနေပိုင်းမှာ အလုပ်တအားလုပ်ကြတာ။ ဆိုင်ကယ်ကောင်းရင် တော့ ပြန်မပေးဘူး ။ စုတ်ရင်တော့ ရုံးလိုက်ခဲ့ ဘာညာနဲ့ ပိုက်ဆံတောင်းတာ”လို့ သူကဆက်ပြောပါတယ်။ မအူပင် တစ်မြို့လုံးမှာ မိုးပြာရောင်ဝတ် ပြည်သူ့စစ်အင်အားဟာ အနည်းဆုံး ၃၀ ဝန်းကျင်ရှိတယ်လို့ ဒေသခံကပြောပါ တယ်။
အင်္ဂပူမြို့နယ်ထဲမှာတော့ ပြည်သူ့စစ်တွေဟာ မိုးပြာရောင်ယူနီဖောင်တွေကို ဝတ်ဆင်ပြီးတော့ ဆိုင်ကယ်တွေနဲ့ သွားလာနေတယ်လို့ ဒေသခံတွေကပြောပါတယ်။
“အင်အားက ဒီတလနှစ်လအတွင်းမှာ နှစ်ဆလောက် ကိုပိုများလာတယ်။ တချို့ပြောတာတော့ အရင်ကတည်းကရှိတာ။ အခုမှ ယူနီဖောင်းတွေနဲ့ ထွက်လာတာလို့လည်းပြောကြတယ်” လို့ ကွင်းကောက်မြို့ခံတဦးကပြောပါတယ်။
ဒီ ပြည်သူ့စစ်တွေဟာ အရပ်သားပြည်သူတွေကို ဖမ်းဆီးတဲ့နေရာမှာ ရှေ့တန်းကနေ ဦးဆောင်လေ့ရှိတယ်လို့ အင်္ဂ ပူမြို့နယ်ထဲမှာ နေထိုင်သူတဦးကပြောပါတယ်။
“ပြီးခဲ့လ (ဩဂုတ်လ) တုန်းက PDF တွေနဲ့အဆက် အသွယ်ရှိတယ် ဆိုပြီး ရွာတရွာက ကလေးတွေကို ဝင်ဖမ်းတာရှိတယ်။ အဲတုန်းက အဲကောင်တွေ (ပြည်သူ့စစ်) ပဲ ရှေ့ဆုံးက လက်ညိုးထိုးပြီး လမ်းပြကြတာ” လို့ သူကဆက်ပြောပါတယ်။
အင်္ဂမြို့နယ်ထဲ ပြည်သူ့စစ်တွေဟာ လက်နက်တွေကို ထင်သာမြင်သာကိုင်ဆောင်ပြီး သွားလာလေ့မရှိပေမယ့်လည်း သူတို့ရဲ့ လွယ်အိတ်တွေထဲမှာ သေနတ်အတိုတွေနဲ့ လက်ပစ်ဗုံးတွေ ပါတယ်လို့ မျက်မြင်တွေ့ရှိသူတဦးက ပြောပါတယ်။
“ကိုယ်တွေလည်းမသိဘူး။ မြို့နယ်ရှေ့နေရုံးမှာ သူတို့ (ပြည်သူ့စစ်) ထုတ်ပြလို့ မြင်ဖူးတာ။ လက်ပစ် ဗုံးတလုံးထုတ် ပြတာ” လို့ သူကဆက်ပြောပါတယ်။ ပြည်သူ့စစ်တွေဟာ တခါတလေ သူတို့ရဲ့လွယ်အိတ် ထဲက သေနတ်အတိုကို ပြည်သူတွေကို တားဆီးစစ်ဆေးတဲ့အခါမျိုးမှာ မြင်သာအောင် ပြထားတက်တယ်လို့လည်း ဒေသခံတဦးကပြောပါတယ်။