
အခုက နာရေးလုပ်ဖို့တောင်မှ တရားဝင် မဟုတ်လို့ နာရေးလုပ်လို့မရဘူးဆိုတာမျိုး ပြောတာ။ အဲ့ဒါကြောင့် အဖွဲ့အစည်းကို အကူညီတောင်းရတာပါ ”
၁၂၊ စက်တင်ဘာလ။
ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်၊ ဝါးတောကွင်းကျေးရွာ ကနေ စစ်မှုထမ်းရှောင်လာတဲ့ ကိုအောင်ချမ်းကိုဟာ ထိုင်းအစိုးရ လုပ်ငန်းခွင်တခုမှာ မတော်တဆမှုနဲ့ သေဆုံးခဲ့ပါတယ်။
ဒီသေဆုံးမှု နစ်နာကြေးကို သက်ဆိုင်ရာ တာဝန်ရှိသူတွေက ချက်ချင်းပေးဖို့ ငြင်းဆန်နေပြီး တရားဝင် အလုပ်လုပ်ကိုင်နေကြောင်း အထောက်အထား မရှိတာကို အကြောင်းပြပြီး အချိန်ဆွဲဖို့ ကြိုးစားနေတယ်လို့ AAC (လက်တွဲကူညီ) အဖွဲ့ရဲ့ ဒါရိုက်တာဖြစ်သူ ဦးခိုင်ကြီးက DNA ကိုပြောပါတယ်။

“ အထောက်အထားမရှိလို့ လျော်ကြေးပေးလို့မရဘူးဆိုရင် အထောက်အထားမရှိပဲ ခိုင်းထားတာအတွက်ရော တရားစွဲလို့မရဘူးလား။ အခုက အစိုးရရဲ့ လုပ်ငန်းဖြစ်တယ် အစိုးရက တိုက်ရိုက်ကြီးကြပ်တာတော့ မဟုတ်ပေမယ့် စည်ပင်အလုပ်ဆိုတာ အစိုးရရဲ့ လုပ်ငန်းခွင်ပဲ။ ဥပဒေအတိုင်းဆိုရင်လည်း တရားဝင် ဟုတ်ဟုတ် မဟုတ်ဟုတ် နစ်နာကြေးရရှိရမယ်။ ဒါကို အစိုးရကိုယ်တိုင်က မလိုက်နာလို့မရဘူး ” လို့ ဦးခိုင်ကြီးက ပြောပါတယ်။
ကိုအောင်ချမ်းကိုဟာ အသက် ၂၈ နှစ်ရှိပြီဖြစ်ပြီး ယခုနှစ် ဇူလိုင်လအထိ ဝါးတောကွင်းကျေးရွာမှာ စစ်မှုထမ်းရှောင်ဖို့ စစ်ကောင်စီကို လစဉ် ငွေကျပ် ၅ သောင်း ပေးဆောင်ပြီး နေထိုင်ခဲ့ပါတယ်။ ဒါပေမယ့် စစ်မှုထမ်းမဲပေါက်တာကြောင့် လူကိုယ်တိုင် စစ်မှုထမ်းရမယ်ဆိုတာကြောင့် ထိုင်းကို တိမ်းရှောင်လာခဲ့တာဖြစ်ပါတယ်။

ထိုင်းကိုရောက်ပြီး အသိမိတ်ဆွေတွေရဲ့ ချိတ်ဆက်ပေးမှုနဲ့ ထိုင်းအစိုးရ လုပ်ငန်းခွင်တခုဖြစ်တဲ့ စည်ပင်သာယာရဲ့ အမှိုက်သိမ်းတဲ့ အလုပ်မှာ ဝင်ရောက်လုပ်ကိုင်ခဲ့ပါတယ်။
ဒီလိုလုပ်ကိုင်ရင်း ပြီးခဲ့တဲ့ စက်တင်ဘာ ၉ ရက်နေ့မှာတော့ အမှိုက်ကား၊ အမှိုက်သွန်ရာမှာ ပင့်တင်တဲ့ စနစ် (ဟိုက်ဒရောလစ်) နှစ်ခုကြားမှာ ညှပ်ပြီးသေဆုံးခဲ့ရတာဖြစ်တယ်လို့ ကာယကံရှင်ရဲ့ ဇနီးဖြစ်သူက ရှင်းပြပါတယ်။
“ အခုက သူတို့က ညီမကို တရားဝင် အထောက်အထား အရင်လုပ်ပေါ့။ ပြီးရင် ဘဏ်အကောင့်ဖွင့်ပြီး သူ့အတွက် လျော်ကြေးငွေကို ထည့်ပေးမယ်ပေါ့ အဲ့လိုပြောတာ။ အဲ့ဒါက ဘယ်လောက်ကြာဦးမလဲ မသိဘူးလေ။ အလောင်းပျောက်သွားမှ ဆိုရင် ပိုပြီးမဖြစ်နိုင်လောက်ဘူးတွေး မိလို့။ အခုက နာရေးလုပ်ဖို့တောင်မှ တရားဝင် မဟုတ်လို့ နာရေးလုပ်လို့မရဘူးဆိုတာမျိုး ပြောတာ။ အဲ့ဒါကြောင့် အဖွဲ့အစည်းကို အကူညီတောင်းရတာပါ ” လို့ နစ်နာသူရဲ့ ဇနီးဖြစ်သူက ပြောပါတယ်။
လက်ရှိအချိန်မှာတော့ နာရေးပြုလုပ်နိုင်ဖို့ AAC (လက်တွဲကူညီ)က ဆောင်ရွက်နေပြီး နစ်နာကြေးရရှိနိုင်ဖို့အတွက် အမှုဖွင့်လှစ်တဲ့ လုပ်ငန်းစဉ်ကိုလည်း လုပ်ဆောင်ထားပြီဖြစ်တယ်လို့ သိရပါတယ်။
ထိုင်းနိုင်ငံရဲ့ အလုပ်သမား ဥပဒေပါ ပြဌာန်းချက်တွေဟာ တရားဝင် အလုပ်သမား ဖြစ်ခြင်း၊ မဖြစ်ခြင်းနဲ့ မဆိုင်ပဲ အလုပ်သမားအဖြစ် အလုပ်လုပ်ကိုင်ပြီဆိုတာနဲ့ ခံစားခွင့်ရရှိနိုင်ဖို့ သတ်မှတ်ထားတာဖြစ်ပါတယ်။