“ ဒီလမ်းပေါ်မှာ (ရန်ကုန် – ပုသိမ်) ဂိတ်တွေ နည်းတာ မဟုတ်ဘူးရှိတယ်။ ဂိတ်တိုင်းနီးပါး ပိုက်ဆံပေးရတယ်။ လမ်းကျတော့ မပြင်ဘူး။ ကုန်လေးများသယ်မိရင် အရင်းကမကျေဘူး။ ဒီ လေး၊ငါးနှစ် အတွင်းမှာကို လမ်းတွေဟာ ရစရာမရှိအောင် ပျက်ဆီးသွားတာ။”
၁၁၊ စက်တင်ဘာလ။
ရန်ကုန် – ပုသိမ် လမ်းမကြီးမှာ ပျက်စီးယိုယွင်းနေတဲ့ လမ်းပိုင်းတွေများတာကြောင့် ပုံမှန် ကားမောင်းရချိန်ထက် ၁ နာရီကျော် မောင်းနှင်နေရပြီး ထိရောက်တဲ့ပြုပြင်ပေးခြင်းမျိုး မရှိတာကြောင့် မကြာခဏ ယာဉ်တိုက်မှုတွေ ဖြစ်ပေါ်နေပါတယ်။
ဒီလမ်းမကြီးပေါ်မှာ တလကို နှစ်ကြိမ် အနည်းဆုံး ယာဉ်တိမ်းမှောက်တာ၊ ယာဉ်တိုက်တာတွေ ဖြစ်လေ့ရှိတယ်လို့ အဝေးပြေးကားဆရာတဦးက မှတ်ချက်ပေးပါတယ်။
“ အဆိုးဆုံးက အိမ်မဲ၊ မရမ်း၊ ပန်းတနော် ရေနက်ကွင်းလမ်းလမ်းပဲ။ ချိုင့်တွေကြောင့် ကုန်ကားတွေ ခရီးသည်တင်ကားတွေကို အိမ်မဲ ကျောင်းကုန်း ပန်းတနေလမ်းကသွားခိုင်းတာ တလနီးပါးရှိပြီ အခုအိမ်မဲ ကျောင်းကုန်းလမ်းပါ ပျက်သွားပြီ ” လို့ DNA ကို ပြောပါတယ်။
ရန်ကုန် – ပုသိမ် လမ်းပေါ်က ယာဉ်မတော်တဆမှုတွေအကြောင်း သုတေသနပြုရာမှာ ဒီနှစ်အတွင်း ယာဉ်တိုက်မှုအပါအဝင် ယာဉ်မတော်တဆမှု ၆ မှုကို ရှာဖွေတွေ့ရှိခဲ့ပြီး ၆ မှုစလုံးမှာ လူသေဆုံးမှုတွေ ရှိခဲ့ပါတယ်။ ဒီအထဲက ၁ မှုကတော့ လူလေးဦးသေဆုံးခဲ့တာဖြစ်ပါတယ်။
“ လမ်းတွေက ပျက်နေတာကြာပြီ။ လမ်းပေါက်တွေဖာတာတွေရှိပေမယ့် မိုးရွာပြီး ကားကြီးတွေမောင်းတော့ ကျောက်စတွေလွင့်ပြီး လမ်းချိုင့်တွေပို ဆိုးသွားတယ်။ ချိုင့်တွေ ရှောင်မောင်းရင်းနဲ့ ကားတိုက်မှုတွေမကြာခဏတိုက်တယ် ” လို့ ကားသမားတဦးက ဆိုပါတယ်။
လက်ရှိမှာတော့ ပန်းတနော်နဲ့ ဗိုလ်မြတ်ထွန်းတံတားကြားက လမ်းပိုင်းကို ပြင်ဆင်နေပြီး လမ်းပေါက်ဖာတဲ့ အဆင့် ပြင်ဆင်တာမျိုးတွေက လမ်းပိုမိုပျက်ဆီးပြီး လမ်းခရီးဟာ ပိုမိုကြန့်ကြာသွားမှာကို လမ်းအသုံးပြုသူတွေက စိုးရိမ်နေကြတာပါ။
“ ဒီလမ်းပေါ်မှာ (ရန်ကုန် – ပုသိမ်) ဂိတ်တွေ နည်းတာ မဟုတ်ဘူးရှိတယ်။ ဂိတ်တိုင်းနီးပါး ပိုက်ဆံပေးရတယ်။ လမ်းကျတော့ မပြင်ဘူး။ ကုန်လေးများသယ်မိရင် အရင်းကမကျေဘူး။ ဒီ လေး၊ငါးနှစ် အတွင်းမှာကို လမ်းတွေဟာ ရစရာမရှိအောင် ပျက်ဆီးသွားတာ။ ကျွန်တော်တို့က ၂၀၀၀ ခုနှစ်တွေတုန်းကလို ကားပြန်မောင်းနေရတာ ဂိတ်တွေများပြီး ပိုက်ဆံတွေပိုပေးနေရတာက ပိုလာတာပေါ့ဗျာ ” လို့ မြောင်းမြ နဲ့ ရန်ကုန်ကို ကုန်သည်လုပ်နေသူ တဦးက ဆိုပါတယ်။
ရန်ကုန် – ပုသိမ် လမ်းမကြီးဟာ ၁၁၃ မိုင်ကျော်ရှည်လျားပြီး တနေ့ကို ယာဉ်အစီးရေ ၂၇၀၀ ကျော်အသုံးပြုနေတဲ့ လမ်းတခုဖြစ်တယ်လို့ ၂၀၂၃ ခုနှစ်က ထွက်ရှိခဲ့တဲ့ စစ်ကောင်စီရဲ့ လမ်းတံတား အသုံးပြုခြင်းနဲ့ ပတ်သက်တဲ့ စာတမ်းတခုကနေ သိရပါတယ်။
၂၀၁၉ – ၂၀၂၀ ခုနှစ်က ဒီလမ်းမကြီးကို မီလီယမ် ၁၂၀ ကျော် အသုံးပြုပြီး ASEAN Class III အဖြစ်အဆင့်မြှင့်တင်ပြီး လေးလမ်းသွား ကတ္တရာ/ကွန်ကရစ် လမ်းအဖြစ် ဆောက်လုပ်ဖို့ စီစဉ်ခဲ့ပါတယ်။
၂၀၂၁ အာဏာသိမ်းမှုအပြီး ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်မှာတော့ ရန်ကုန်,ပုသိမ်လမ်းမကြီးကို ရခိုင်ထိ ပေါက်ရောက်တဲ့ လေးလမ်းသွားအဖြစ် ဆောက်လုပ်သွားမယ်ဆိုပြီး စစ်ကောင်စီက သတင်းလွှင့်ခဲ့ပါသေးတယ်။