မြန်အောင်မြို့မြစ်ကမ်းထိန်း တာပြုပြင်ရေး ကျပ်သန်း၄၀၀ အသုံးပြုမယ်

၂၃ ၊ ဒီဇင်ဘာလ ၊ ၂၀၂၀ ။

ဧရာဝတီတိုင်း၊ မြန်အောင်မြို့က ဧရာဝတီမြစ်ရေ တိုက်စားခံရတဲ့ ကမ်းထိန်းတာ နှစ်ခုကို ပြုပြင်ဖို့ ကျပ်သန်း ၄၀၀ အသုံးပြုသွားမယ်လို့ တိုင်းအစိုးရပြောခွင့်ရ လျှပ်စစ်စွမ်းအင်၊စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေးက ပြောပါတယ်။

မြန်အောင်မြို့ မကျီးစုတာနဲ့ လွန်ဆေးမြိုင်ပန်းခြံ မြစ်ကမ်းထိန်းတာလုပ်ငန်း တစ်ခုစီကို ကျပ်သန်း ၂၀၀စီအသုံးပြုဖို့ ၂၀၂၀ /၂၀၂၁ခုနှစ် တိုင်းဒေသကြီး ​ငွေလုံးငွေရင်း ရန်ပုံငွေနဲ့ ဆောင်ရွက်သွားမှာပါ။


“ပြီးခဲ့တဲ့ မိုးရာသီက မြစ်ရေတိုက်စားခံရတော့ ကမ်းပြိုမှုတွေဖြစ်ခဲ့တယ်၊ ဒါကို ဆက်ပြီး မဖြစ်ရအောင် မြစ်ကမ်းထိန်းသိမ်းရေးနဲ့ တာပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းတွေ လုပ်ကြရတယ်၊ ဧရာဝတီတိုင်းထဲမှာ ကမ်းထိန်းသိမ်းရေးနဲ့ တာပြုပြင်ထိန်းသိမ်းရေးလုပ်ငန်း ၄၅ခုအနက် ဒီလုပ်ငန်း ၂ခုလည်း အပါအဝင်ဖြစ်တယ်”လို့ ဝန်ကြီးက ဆက်ပြောပါတယ်။

မြန်အောင်တာမိုင် ၆/၃ မကျီးစုတာ မြစ်ကမ်းထိန်းလုပ်ငန်းနဲ့ မြန်အောင်တာမိုင် ၆/၇ နှင့်၇/၀ အတွင်း လွန်ဆေးမြိုင်ပန်းခြံမြစ်ကမ်းထိန်းလုပ်ငန်းတွေမှာ Geotextile ကပ်နံရံနဲ့ ရေထဲပိုင်း Geo bag ချတဲ့လုပ်ငန်းတွေကို ဆောင်ရွက်သွားမယ်လို့ ဟင်္သာတခရိုင် ရေအရင်းအမြစ်နဲ့မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီး ဌာန လက်‌ထောက်ညွှန်ကြားရေးမှူး ဦးမျိုးဝင်း ပြောကြားပါတယ်။

၂၀၂၀ ပြည့်နှစ် မိုးရာသီကာလမှာ ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် မြန်အောင်တာ မိုင် ၆/၃ အနီး ကမ်းပါးထိန်း မျောကရစ်တည်ဆောက်ပြီး (Slope Polyfelt) အုပ်ထားတဲ့ နေရာတွေ ဧရာဝတီမြစ်ကမ်းဘေးက အုန်းတိုင်စိုက် Steel Basket အခြေပြု ကွန်ကရစ်ကျောက်ပြားကပ်တမံတွေ မြန်အောင်တာမိုင် ၆/၇ နှင့် ၇/၀ အတွင်း လွန်ဆေးမြိုင်ပန်းခြံအနီး ကမ်းပြိုမှုဖြစ်ပေါ်တာတွေ ဖြစ်ပေါ်ခဲ့ပါတယ်။