ဝန်ကြီးချုပ် မိုဒီဟာ Shanghai Cooperation Organisation ညီလာခံကို တက်ရောက်ဖို့ ၇နှစ်အတွင်း တရုတ်နိုင်ငံကို ပထမဆုံးလာရောက်ခဲ့တာပါ။
၁ ၊ စက်တင်ဘာ
အိန္ဒိယနဲ့ တရုတ်ဟာ ပြိုင်ဘက်မဟုတ် ၊ မိတ်ဖက်နိုင်ငံတွေ ဖြစ်တယ်လို့ ဝန်ကြီးချုပ် နရန်ဒရာ မိုဒီ နဲ့ သမ္မတ ရှီကျင့်ဖျင်က ပြောလိုက်ပါတယ်။ တနင်္ဂနွေနေ့က ကျင်းပတဲ့ နှစ်နိုင်ငံတွေ့ဆုံမှုမှာ တရုတ်နဲ့ အိန္ဒိယ ကုန်သွယ်ရေးဆက်ဆံမှု တိုးမြှင့်ဖို့ နည်းလမ်းတွေကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။
ဝန်ကြီးချုပ် မိုဒီဟာ Shanghai Cooperation Organisation ညီလာခံကို တက်ရောက်ဖို့ ၇နှစ်အတွင်း တရုတ်နိုင်ငံကို ပထမဆုံးလာရောက်ခဲ့တာပါ။
တီယန်ကျင်းမြို့မှာ ကျင်းပနေတဲ့ ၂ရက်ကြာ ညီလာခံကို ဝန်ကြီးချုပ် မိုဒီ ၊ ရုရှားသမ္မတ ဗလာဒီမာ ပူတင်အပြင် အီရန် ၊ ပါကစ္စတန်နဲ့ ဗဟိုအာရှ လေးနိုင်ငံက ခေါင်းဆောင်တွေ တက်ရောက်ခဲ့ကြပါတယ်။
အိန္ဒိယက ရုရှားရေနံ ဝယ်ယူတာနဲ့ ပတ်သတ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အိန္ဒိယ ကုန်ပစ္စည်းတွေအပေါ် အခွန် ၅၀ရာခိုင်နှုန်း အထိ ပြင်းပြင်းထန်ထန်ချမှတ်ပြီး ရက်ပိုင်းအကြာမှာပဲ ရှီ နဲ့ မိုဒီတို့ဟာ အနောက်အင်အားစုရဲ့ ဖိအားကို တန်ပြန်ရေး မဟာမိတ်ဖွဲ့ဖို့ ကြိုးစားနေကြတယ်လို့ လေ့လာအကဲဖြတ်သူတွေက မှတ်ချက်ပြုကြပါတယ်။
ထရမ့်ရဲ့ လုပ်ရပ်က ဆယ်စုနှစ်ချီ တည်ဆောက်လာတဲ့ အမေရိကန် – အိန္ဒိယ နှစ်နိုင်ငံ ဆက်ဆံရေးကို ထိခိုက်စေခဲ့ပါတယ်။
အိန္ဒိယအနေနဲ့ တရုတ်နဲ့ ဆက်ဆံရေးတိုးမြှင့်ဖို့ ကတိပြုပြီး ကြီးထွားလာတဲ့ အိန္ဒိယရဲ့ နှစ်နိုင်ငံကုန်သွယ်ရေး လိုငွေပြမှု အမေရိကန်ဒေါ်လာ ၉၉ ဒဿမ ၂ ဘီလီယံကိုလည်း လျော့ချပေးဖို့ သမ္မတရှီနဲ့ ဆွေးနွေးခဲ့တယ်လို့ ဝန်ကြီးချုပ် မိုဒီက ပြောပါတယ်။
နှစ်ဖက်စလုံးက ပြိုင်ဘက်ဆိုတာထက် မိတ်ဖက်တွေအဖြစ် ရှုမြင်ကြမယ်ဆိုရင် နှစ်နိုင်ငံ ဆက်ဆံရေးက တည်ငြိမ်ပြီး ခရီးပိုရောက်နိုင်မယ်လို့ တရုတ်သမ္မတ ရှီကလည်း မှတ်ချက်ပြုခဲ့ပါတယ်။
Ref – Reuters