ပုသိမ်ထုတ် စဉ့်ငရုတ်ဆုံလုပ်ငန်းတွေ ဆက်လက်ရပ်တည်ဖို့ စိန်ခေါ်မှုတွေ ရှိနေ

ပုသိမ်မြို့ စဉ့်အိုးဖိုအရပ်မှာ အရင်က မြေထည်၊ စဉ့်ထည်၊ အိုးလုပ်ငန်း အလုပ်ရုံပေါင်း ၄၀ နီးပါးရှိခဲ့ရာက အခုဆိုရင် အလုပ်ရုံ ၆ ရုံ ဝန်းကျင်သာ ရပ်တည်နိုင်တော့တဲ့ အတွက် ဈေးကွက် ဝယ်လိုအားနဲ့ ထုတ်လုပ်မှုက မမျှမတ ဖြစ်နေပါတယ်။

၁၁၊ဇွန်လ။

ဧရာ၀တီတိုင်း၊ ပုသိမ်မြို့ အမှတ် ၁ ရပ်ကွက် ကမ်းနားလမ်း စဉ့်အိုးဖိုရပ် တနေရာတည်းက ထုတ်လုပ်ပြီး မြန်မာ နိုင်ငံ အနှံ့ အပြား ဖြန့်ချိရောင်းချနေတဲ့  စဉ့်ထည်ငရုတ်ဆုံ လုပ်ငန်းတွေဟာ စစ်အာဏာသိန်းမှုနောက်ပိုင်း  ဆက်လက် ရပ်တည်ဖို့ အခက်အခဲတွေ ရှိလာနေပါတယ်။

“စစ်တပ်အာဏာ သိမ်းပြီးနောက်ပိုင်း နိုင်ငံရေး မတည်ငြိမ် တာကြောင့် စဉ့်ထည် လုပ်ငန်းအတွက်  ချော်ခဲချော် မှုန့်တွေဝယ်ရတာခက်လာတယ်”လို့ လုပ်ငန်းရှင် တဦးက DNA ကိုပြောပါတယ်။

စဉ့်ထည် အိုးအမျိုးမျိုးနဲ့ စဉ့်ထည်ငရုတ်ဆုံ ထုတ်လုပ်ရာမှာ အသုံးပြုတဲ့ မြေကြီးလောင်စာအတွက် အသုံးပြုတဲ့ ထင်းနဲ့ စပါးခွံကို ဒေသအတွင်း အလွယ်တကူ ရရှိပေမယ့် စဉ့်ရည်အဖြစ် အသုံးပြုတဲ့ ချော်ခဲချော်မှုန့်တွေကို

စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ် ကျောက်မြောင်းက မှာယူအသုံးပြုကြရတာ ဖြစ်ပါတယ်။

ဒါ့အပြင် လုပ်ငန်းမှာ အဓိကကျတဲ့ ကျွမ်းကျင်လူငယ် အလုပ်သမားရှားပါးလာပြီး ပညာကို လက်ဆင့်ကမ်းဖို့ အခက်အခဲ ရှိလာနေတယ်လို့လည်း ဆိုပါတယ်။

“လူငယ်တွေ ကလည်း စိတ်ဝင်စားမှု့ နည်းလာတာရယ် စစ်မှုထမ်း ဥပဒေကြောင့်လည်း လူငယ်လုပ်သားတွေ လျော့ကျလာပြီး စဉ်ထည်ကျွမ်းကျင် လုပ်သားက ရှားလာတော့ ရေရှည်ရပ်တည် ဖို့ ခက်လာနေပြီ” လို့ အိုးနဲ့ စဉ့်ထည် ပညာရှင်က ရှင်းပြပါတယ်။

ဒါပေမယ့် လက်တလော ဈေးကွက်ထဲမှာတော့ စဉ့်ငရုတ်ဆုံတွေဟာ လူကြိုက်များနေဆဲ ဖြစ်တယ်လို့ သိရပါတယ်။သံထည်ငရုတ်ဆုံ ၊ သတ္ထုငရုတ်ဆုံ ၊ ကျောက်ငရုတ်ဆုံ အမျိုးမျိုး  ရှိတဲ့အနက် စဉ့်ထည်ငရုတ်ဆုံကို လူကြိုက်များပြီး အရောင်းသွက်နေတာပါ။

“စဉ့်ငရုတ်ဆုံ ကမာတယ် သစ်သားကျဉ်ပွေ့ နဲ့ ထုထောင်းတာ ဘာအမှုန်မှမ ထွက် တော့ ကျန်းမာရေး အတွက်ကောင်းတယ်၊ ပြီးတော့ ငရုတ်ဆုံတွေ အားလုံးမှာ ဈေးအချိုဆုံးမို့ ကြိုက်တယ် ” လို့ ပုသိမ်မြို့က အိမ်ရှင်မတဦး ပြောပါတယ်။

ဒါ့အပြင် စဉ့်အိုးဖို အရပ်ထုတ် စဉ့်နဲ့လုပ်တဲ့ ရေအိုး သောက်ရေအိုး စဉ့်အိုး၊ ပန်းအိုး၊ ညောင်ရေအိုး၊ အတာအိုး ၊ ကလေးကစားစရာ အရုပ်အမျိုးမျိုး၊ အင်တုံ၊ ငရုတ်ဆုံ စတဲ့ မြေထည်၊ စဉ့်ထည် ပစ္စည်းတွေအနက် စဉ့်ထည် ငရုတ်ဆုံက အရောင်းရဆုံးလို့လည်း  သိရပါတယ်။

 

သံငရုတ်ဆုံကို ပရဆေးဆိုင်တွေကသာ အသုံးပြု ကြပြီး သတ္ထုငရုတ်ဆုံ ကတော့ ပေါ့တဲ့အတွက် ထောင်းလို့ မကောင်းသလို ကျောက်ငရုတ်ဆုံကလည်း ကျောက်ကျဉ်ပွေ့ သုံးသုံး ၊သစ်သားကျဉ်ပွေ့ သုံးသုံး အမှုန့်ထွက်တာ ကြောင့် ကျန်းမာရေး အတွက် မကောင်းဘူးလို့ ဆိုပါတယ်။

စဉ့်ထည် ငရုတ်ဆုံတွေကို ၁၂ လရာသီပါတ်လုံး ရောင်းချနေရပြီး ပုသိမ်မြို့ စဉ့်အိုးဖိုအရပ်မှာ အရင်က မြေထည်၊ စဉ့်ထည်၊ အိုးလုပ်ငန်း အလုပ်ရုံပေါင်း ၄၀ နီးပါးရှိခဲ့ရာက အခုဆိုရင် အလုပ်ရုံ ၆ ရုံ ဝန်းကျင်သာ ရပ်တည်နိုင်တော့တဲ့ အတွက် ဈေးကွက် ဝယ်လိုအားနဲ့ ထုတ်လုပ်မှုက မမျှမတ ဖြစ်နေတယ်လို့ သိရပါတယ်။