ဆန္ဒပြမှုတွေ မြင့်တက်နေတဲ့ လော့စ်အိန်ဂျလိစ်မြို့ဆီကို မရိန်းတပ်ဖွဲ့ ၇၀၀ ကျော် ထပ်မံစေလွှတ်မယ်

အခုလို မူဝါဒရေးရာ အငြင်းပွားမှုနဲ့ ပတ်သတ်ပြီး ပြည်တွင်းမှာ မရိန်းတပ်ကို အသုံးပြုတာ အင်မတန်ရှားပါးပါတယ်။

၁၀ ၊ ဇွန်လ

အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်တောင်ပိုင်း လော့စ်အိန်ဂျလိစ် မြို့မှာ သမ္မတထရမ့်ရဲ့ ရန်လိုတဲ့ လူဝင်မှုကြီးကြပ်ရေးမူဝါဒနဲ့ ပတ်သတ်ပြီး ပြည်စောင့်တပ်ဖွဲ့ဝင်တွေနဲ့ ဆန္ဒပြသူတွေအကြား တင်းမာမှုတွေ မြင့်တက်နေတဲ့ လေးရက်မြောက်နေ့ ရှိပါပြီ။

လက်ရှိမှာ ပြည်စောင့်တပ်ဖွဲ့ဝင် ၂၀၀၀ ချထားပြီး နောက်ထပ်အင်အား ထပ်မရောက်လာခင် အထိ လော့စ်အိန်ဂျလိစ်ဆီကို မရိန်းတပ်ဖွဲ့ဝင် ၇၀၀ ကို ယာယီစေလွတ်သွားမယ်လို့ ဒီကနေ့ ဇွန်လ ၁၀ရက်နေ့မှာ ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။

အမေရိကန်မှာ တရားမဝင်နေထိုင်သူတွေနဲ့ အထောက်အထားမဲ့ ရွှေ့ပြောင်းဝင်ရောက်လာသူတွေကို စီးနင်းဖမ်းဆီးမှုတွေကို တုံ့ပြန်ကြရာကနေ အခုလို အုံကြွမှု ဖြစ်လာတာပါ။

ဇွန်လ ၇ရက်နေ့ ညပိုင်းကစပြီး လော့စ်အိန်ဂျလိစ်မြို့လယ်မှာ ဆန္ဒပြသူ ၁၀၀ကျော် စုဝေးခဲ့ကြတာ ဒီနေ့ဆို လေးရက်ဆက်တိုက်ရှိပါပြီ။ ပြည်စောင့်တပ်ဖွဲ့ဝင်တွေက ဆန္ဒပြသူတွေကို မီးသတ်ပိုက်တွေ ၊ ရာဘာကျည်တွေ သုံးပြီး ဖြိုခွင်းခဲ့ကြပါတယ်။

ဒါ့အပြင် သတင်းတင်ဆက်နေတဲ့ အမျိုးသမီးသတင်းထောက်တယောက် ရာဘာကျည်ထိမှန်ခဲ့တဲ့ ရုပ်သံဖိုင်ဟာလည်း လူမှုမီဒီယာစာမျက်နှာတွေပေါ်မှာ ပျံ့နှံခဲ့ပါတယ်။

ပြည်စောင့်တပ်နဲ့ မရိန်းတပ်တွေ ချထားတာကို ရပ်တန်ဖို့ ကယ်လီဖိုးနီးယား ပြည်နယ်အစိုးရက ထရမ့်ဗဟိုအစိုးရကို တရားစွဲဆိုလိုက်ပြီး ဒါဟာ ဖက်ဒရယ်ဥပဒေကို ချိုးဖောက်တာ ၊ ပြည်နယ်ရဲ့ အချုပ်အချာအာဏာကို ထိပါးတာ ဖြစ်တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

လော့စ်အိန်ဂျလိစ်မြို့ဆီကို စုစုပေါင်း ပြည်စောင့်တပ် ၄၀၀၀ အထိ စေလွှတ်သွားမှာ ဖြစ်တယ်လို့ ပင်တဂွန်ဌာနက မနေ့က အတည်ပြုပါတယ်။  မငြိမ်မသက်မှုတွေ ပိုဆိုးလာမှာကို တားဆီးဖို့အတွက် လုံခြုံရေးအင်အားထပ်တိုးချသွားမှာဖြစ်တယ်လို့ သမ္မတထရမ့်ကလည်း ပြောခဲ့ပါတယ်။

အမေရိကန် မရိန်းတပ်တွေကို ပြည်တွင်းမှာ စေလွှတ်တယ်ဆိုတာ ကြီးမားတဲ့ သဘာဝဘေးတွေ ၊ ၂၀၀၅ခုနှစ်က ဖြစ်ပွားခဲ့တဲ့ ဟာရိကိန်းမုန်တိုင်းKatrina နဲ့ ထင်ရှားတဲ့ ၉/၁၁ ကမ္ဘာ့ကုန်သွယ်ရေးစင်တာ တိုက်ခိုက်ခံရမှု စတဲ့ ဖြစ်စဉ်တွေမှာသာ အသုံးပြုခဲ့တာပါ။

အခုလို မူဝါဒရေးရာ အငြင်းပွားမှုနဲ့ ပတ်သတ်ပြီး ပြည်တွင်းမှာ မရိန်းတပ်ကို အသုံးပြုတာ အင်မတန်ရှားပါးပါတယ်။

Ref – Reuters