အမေရိကန်နဲ့ တရုတ် ကုန်သွယ်ရေးဆိုင်ရာ ဆွေးနွေးပွဲ လန်ဒန်မှာလုပ်မယ်

အိမ်ဖြူတော်ကလည်း အခု တွေ့ဆုံဆွေးနွေးမှုအတွက် အသေးစိတ် အချက်အလက်တွေအပေါ် တုံ့ပြန်မှု မရှိပေမဲ့ သမ္မတ ထရမ့်ကတော့ အခု အစည်းအဝေးဟာ ကောင်းမွန်တဲ့ တွေ့ဆုံမှုဖြစ်တယ်လို့ အသိပေးထားပြီး ရလဒ်ကောင်းတွေလည်း မျှော်လင့်နေပါတယ်။

၇၊ ဇွန်

အမေရိကန်သမ္မတ ထရမ့်ရဲ့ ထိပ်တန်းအရာရှိ သုံးဦးဟာ ဇွန်လ ၉ ရက်နေ့ လန်ဒန်မှာ ပြုလုပ်မယ့် ကုန်သွယ်ရေးဆိုင်ရာ ဆွေးနွေးပွဲမှာ စီးပွားရေး အင်အားကြီး နှစ်နိုင်ငံအကြား လက်ရှိဖြစ်ပေါ်နေတဲ့ ကုန်သွယ်ရေးဆိုင်ရာ အငြင်းပွားမှုကို တရုတ် ကိုယ်စားလှယ်တွေနဲ့ ရင်ဆိုင်ဖြေရှင်းသွားမှာ ဖြစ်တယ်လို့ Reuters သတင်းဌာနက ဖော်ပြပါတယ်။

အမေရိကန်သမ္မတထရမ့်ဟာ အဲဒီဆွေးနွေးပွဲအတွက် ကိုယ်စားပြုသွားရောက်မယ့် အရာရှိ သုံးဦးစာရင်းကို သူ့အပိုင် Truth Social ဆိုရှယ်မီဒီယာမှာ ဖော်ပြခဲ့ပြီး ဘဏ္ဍာရေးဝန်ကြီး Scott Bessent၊ ကုန်သွယ်ရေးဝန်ကြီး Howard Lutnick နဲ့ ကုန်သွယ်ရေးကိုယ်စားလှယ် Jamieson Greer တို့ သွားရောက်မှာဖြစ်တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ထရမ့်က အသေးစိတ်ကိုတော့ မပြောထားပါဘူး။

တရုတ်ကိုယ်စားပြု ဘယ်သူတွေလာမလဲဆိုတာ ဝါရှင်တန်မှာရှိတဲ့ တရုတ်သံရုံးဘက်ကို မှတ်ချက်ပေးဖို့  တောင်းဆိုခဲ့ပေမဲ့ ချက်ချင်းတုံ့ပြန်မှု မရှိသေးဘူးလို့ သိရပါတယ်။

အိမ်ဖြူတော်ကလည်း အခု တွေ့ဆုံဆွေးနွေးမှုအတွက် အသေးစိတ် အချက်အလက်တွေအပေါ် တုံ့ပြန်မှု မရှိပေမဲ့ သမ္မတ ထရမ့်ကတော့ အခု အစည်းအဝေးဟာ ကောင်းမွန်တဲ့ တွေ့ဆုံမှုဖြစ်တယ်လို့ အသိပေးထားပြီး ရလဒ်ကောင်းတွေလည်း မျှော်လင့်နေပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း အမေရိကန်နဲ့ တရုတ်တို့ဟာ သတ္တုတွင်းထွက်ဆိုင်ရာ ကုန်သွယ်ရေး တင်းမာမှုတွေဖြစ်ပေါ်ခဲ့လို့ သမ္မတနှစ်ဦး ဖုန်းနဲ့တိုက်ရိုက် ဆွေးနွေးမှုပြုလုပ်ခဲ့ပြီးနောက် တစ်ရက်အကြာမှာ အခုလို ဆွေးနွေးမှု ထွက်ပေါ်လာခဲ့တာလည်း ဖြစ်ပါတယ်။

အင်အားကြီးနှစ်နိုင်ငံဟာ ဆက်ဆံရေးတင်းမာမှုကို လျှော့ချဖို့ ဖိအားရှိနေပါတယ်။

တရုတ်က မြေရှားသတ္တု တင်ပို့မှုကို ထိန်းချုပ်ထားတဲ့အပြင် အမေရိကန်ဘက်ကလည်းအခွန်စည်းကြပ်မှုတွေ တိုးမြှင့်ထားတာကြောင့် ရင်းနှီးမြှုပ်နှံသူတွေဟာ ကမ္ဘာ့စီးပွါးရေး အကြပ်အတည်းကြားမှာ ဖိအားများနေကြတာပါ။

ဇန်နဝါရီလမှာ သမ္မတ ထရမ့်တက်လာပြီးနောက် အမေရိကန်နဲ့ တရုတ်အကြား

ကုန်သွယ်ရေးစစ်ပွဲ အရှိန်မြင့်လာခဲ့တာပါ။ အဲ့ဒီနောက် အခွန်တင်းကြပ်တာတွေ ရက် ၉၀ ယာယီဆိုင်းငံ့ထားဖို့ မေလ ၁၂ ရက်နေ့က ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့မှာ သဘောတူခဲ့ကြပါတယ်။

ဒါပေမဲ့ အဲဒီ ယာယီသဘောတူညီချက်တွေဟာ အမေရိကန်နဲ့ တရုတ် အကြား ရှိနေတဲ့ ဆက်ဆံရေးနဲ့ ကျယ်ပြန့်တဲ့ ပြဿနာတွေ အတွက်တော့ မဖြေရှင်းနိုင်ခဲ့ပါဘူး။

မကြာသေးခင်နှစ်တွေမှာ အမေရိကန်ဟာ တရုတ်ကို ပထဝီနိုင်ငံရေး ထိပ်တန်းပြိုင်ဖက်အဖြစ် ရှုမြင်ပြီး အမေရိကန်ရဲ့ စီးပွါးရေးနဲ့ စစ်ရေးကို စိန်ခေါ်နိုင်တဲ့ တခုတည်းသော နိုင်ငံအဖြစ် သတ်မှတ်ခဲ့ပါတယ်။

Ref – Reuters