လေဖိအားနည်းရပ်ဝန်းဖြစ်လာခဲ့ရင် ဇွန် ၁၂ ရက်ကစပြီး ဧရာဝတီတိုင်းအပါအဝင် မြန်မာနိုင်ငံတောင်ပိုင်းမှာမိုးများနိုင်ချေရှိပြီး မိုးများလာခဲ့ရင် တရက်(၂၄ နာရီ)အတွင်း မိုးရေချိန်လက်မ ၇ လက်မခန့်အထိ ရွာသွန်းနိုင်တယ်လို့ သိရပါတယ်။
၇၊ဇွန်လ။
လာမယ့် ရက်သတ္တပတ်အတွင်း ဘင်္ဂလား ပင်လယ်အော် အနောက် အလယ်ပိုင်းမှာ လေဖိအားနည်း ရပ်ဝန်းတခု ဖြစ်လာဖို့ အစပျိုးနေပြီး အဲ့ဒီကနေတဆင့် ဆိုင်ကလုန်းမုန်တိုင်း ဖြစ်လာနိုင်ချေဟာ ၄၀ ရာခိုင်နူန်းအထိ ရှိလာနေပြီး မြန်မာနိုင်ငံတောင်ပိုင်း ဒေသတွေကို သက်ရောက်မှု ရှိနိုင်တယ်လို့ မိုးဇလ ပညာရှင်တွေက ခန့်မှန်းထားကြပါတယ်။
မိုးဇလ ပညာရှင် ဦးဝင်းနိုင်က ဇွန် ၁၂ ရက်နေ့မှာ လေဖိအားနည်းရပ်ဝန်း ဖြစ်လာနိုင်ပြီး ဇွန် ၁၅ နဲ့ ၁၆ မှာတော့ ဆိုင်ကလုန်းမုန်တိုင်း ဖြစ်လာနိုင်ချေ ၄၀ ရာခိုင်နှူန်းအထိ ရှိနေတယ်လို့ မိုးလေဝသဂြိုလ်တု ခန့်မှန်းချက်တွေ အပေါ် အခြေခံပြီး တွက်ချက်ထားပါတယ်။
ဆိုင်ကလုန်းအဆင့် ဖြစ်လာနိုင်ချေ ရှိ၊ မရှိ ဆိုတာကို ဆက်လက်စောင့်ကြည့်ရဦးမှာ ဖြစ်ပေမယ့် ဧရာဝတီတိုင်း အပါအဝင် မြန်မာနိုင်ငံတောင်ပိုင်းက မြစ်ချောင်းတွေအနီး နေထိုင်ကြသူတွေ၊ ကမ်းရိုးတန်းနဲ့ ကမ်းလွန်ပင်လယ်ပြင်တွေမှာ အလုပ်လုပ်ကိုင်နေကြသူတွေ အနေနဲ့ သတိထားကြဖို့ ပညာရှင်တွေက တိုက်တွန်းထားပါတယ်။
အကယ်လို့ လေဖိအားနည်းရပ်ဝန်းဖြစ်လာခဲ့ရင် ဇွန် ၁၂ ရက်ကစပြီး ဧရာဝတီတိုင်းအပါအဝင် မြန်မာနိုင်ငံတောင်ပိုင်းမှာမိုးများနိုင်ချေရှိပြီး မိုးများလာခဲ့ရင် တရက်(၂၄ နာရီ)အတွင်း မိုးရေချိန်လက်မ ၇ လက်မခန့်အထိ ရွာသွန်းနိုင်တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ မေလကုန်ပိုင်းက ဖြစ်ပေါ်ခဲ့တဲ့ အိန္ဒိယနိုင်ငံ မြောက်ပိုင်းနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်းကို ဖြတ်ဝင်သွားတဲ့ ဆိုင်ကလုန်းကြောင့် မြန်မာနိုင်ငံမြောက်ပိုင်း ဒေသတွေမှာ မိုးများခဲ့ပြီး ရေကြီးရေလျှံမှုတွေ၊ မြေပြိုမှုတွေ ဖြစ်ခဲ့ပါတယ်။