ဧရာဝတီတိုင်းမှာ မိုးစပါးစိုက်ခင်း ဧက ၃၇ သိန်းကျော်ရှိပြီး ယခု ၂၀၂၅ ခုနှစ်အတွက် စိုက်ပျိုးဧကဟာ ၃ ပုံ ၁ ပုံဝန်းကျင် လျော့ကျနိုင်တယ်လို့ တောင်သူလယ်သမားအရေး ဆောင်ရွက်နေကြသူတွေက ခန့်မှန်းထားကြပါတယ်။
၂၊ဇွန်လ။
ဒီနှစ်အတွက် မိုးဦးကောင်းပြီး ရေကြီးရေလျှံမှုတွေကြောင့် လယ်ယာစိုက်ပျိုး ဧရိယာတွေ ပျက်စီးဆုံးရှုံးမှာ စိုးရိမ်မှုတွေ ရှိနေပါတယ်။
“နွေစပါးမှာ ရှုံးထားတော့ မိုးစပါးကို သေချာတောင် မစိုက်နိုင်တဲ့အချိန်မှာ ရေကြီးလို့ ထပ်ပျက်စီးတယ်ဆိုရင် ထပ်မစိုက်နိုင်ကြတော့တဲ့အခါ ဆန်စပါးပိုရှားလာမှာကို စိုးရိမ်ရပါတယ်။ ရေကကြီးပြီးရင် ကျသွားမှာ အဲ့နောက်ကို ကျော်ကြည့်ရတာပေါ့ ” လို့ မြန်အောင်မြို့နယ်မှာ လယ်သမားအရေးတွေကို ကူညီဆောင်ရွက်ပေးနေသူ တဦးက DNA ကိုပြောပါတယ်။
လက်ရှိမှာလည်း ဧရာဝတီတိုင်းမှာ မိုးများပြီး ဒီရေတက်ရက်လည်း ဖြစ်တာကြောင့် ရေကြီးတာ၊ ကမ်းပြို၊ ရေတိုက်စားတာတွေ ဖြစ်ပေါ်နေပါတယ်။
“ လက်ရှိအခြေအနေကတော့ ရေကြီးမှာကို စိုးရိမ်စရာ မလိုသေးဘူးဆိုပေမယ့် ဒီတိုင်းဆက်သွားမယ် ဆိုရင်တော့ စိုးရိမ်ရတယ်။ အဓိက ရေတင်နေရင် ကျွန်တော်တို့က ရေဖောက်ချလို့မရဘူး ရေဖောက်ချလို့မရရင် စပါးကသေတာပဲ ” လို့ ဇလွန်မြို့နယ် အေးရွာမှာ နေထိုင်တဲ့ လယ်သမားတဦးက ရှင်းပြပါတယ်။
ဧရာဝတီတိုင်းမှာ မိုးစပါးစိုက်ခင်း ဧက ၃၇ သိန်းကျော်ရှိပြီး ယခု ၂၀၂၅ ခုနှစ်အတွက် စိုက်ပျိုးဧကဟာ ၃ ပုံ ၁ ပုံဝန်းကျင် လျော့ကျနိုင်တယ်လို့ တောင်သူလယ်သမားအရေး ဆောင်ရွက်နေကြသူတွေက ခန့်မှန်းထားကြပါတယ်။
ဒီထဲကမှ ရေကြီးရေလျှံမှုဖြစ်ပေါ်လာရင် ပျက်ဆီးဆုံးရှုံးမှုတွေ ရှိလာနိုင်ပြီး ရွှေခရုအပါအဝင် စပါးဖျက်ပိုးတွေရဲ့ ရန်ကိုလည်း စိုးရိမ်နေရတယ်လို့ သိရပါတယ်။ ဧရာဝတီတိုင်းဟာ မြစ်ဝကျွန်းပေါ်ဒေသ ဖြစ်တာနဲ့အညီ မြစ်ချောင်းအင်းအိုင်တွေ ပေါများပြီး ပင်လယ်နဲ့ နီးတဲ့ဘက်အခြမ်းတွေပါ ရှိနေတာကြောင့် ရေကြီးရေလျှံမှုဖြစ်ဖို့ လွယ်ကူလေ့ရှိပါတယ်။
ဧရာဝတီတိုင်းက လယ်သမားတွေဟာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်က မိုးစပါးအတွက် စိုက်ပျိုးစရိတ်ချေးငွေတွေကို ပြန်ဆပ်ဖို့ ဖိအားပေးခံရတာ၊ စစ်မှုထမ်းထောက်ပံ့ကြေး အတင်းအကြပ်ကောက်ခံမှု ခံနေရတာ၊ စစ်မှုထမ်းဖို့ အတင်းအဓမ္မခေါ်ဆောင်ခံနေရတာ၊ ပြီးခဲ့တဲ့ ဆောင်းစပါး၊ နွေစပါး ကာလတွေမှာ စပါးဈေးကျဆင်းမှု၊ အခါမဟုတ် မိုးရွာသွန်းမှုတွေကြောင့် ဆုံးရှုံးမှုတွေ များပြားခဲ့တာ စတဲ့ ပြဿနာတွေကို ရင်ဆိုင်နေရပါတယ်။
စစ်ကောင်စီ အားကောင်းတဲ့ ဒေသဖြစ်တာကြောင့် စစ်ကောင်စီရဲ့ ဖိအားတွေကို ဘက်စုံက ခံနေရတဲ့အပြင် စစ်ရေးပြင်းထန်တဲ့ နေရာတွေလည်း ရှိနေပါတယ်။
တနိုင်ငံလုံး စစ်ရေးပြင်းထန်နေချိန်မှာ ဧရာဝတီတိုင်းက ဆန်စပါးကို ပုံမှန်ထုတ်လုပ် နိုင်ခဲ့ပေမယ့် လက်ရှိ အခြေအနေ အရတော့ စပါးစိုက်ပျိုး နိုင်မှုဟာ အဘက်ဘက်က လျော့ကျနေတဲ့ အခြေအနေဖြစ်နေပါတယ်။