တွင်းထွက်ပစ္စည်းကုန်သွယ်မှုဆိုင်ရာ အငြင်းပွားမှုနဲ့ ပတ်သက်ပြီး ထရမ့်နဲ့ ရှီ ဆွေးနွေးမယ်

 

အမေရိကန် သမ္မတထရမ့်နဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင့်တို့ ဖုန်းနဲ့ စကားပြောဆိုပြီးသွားရင်တော့ အခုဖြစ်ပျက်နေတဲ့ ပြဿနာတွေ ပြေလည်သွားမှာဖြစ်တယ်လို့လည်း ဆက်ပြောပါတယ်။

၂၊ ဇွန်

အမေရိကန် သမ္မတ ထရမ့်နဲ့ တရုတ်သမ္မတ ရှီကျင်ဖျင့်တို့ဟာ တွင်းထွက်ပစ္စည်းဆိုင်ရာ အငြင်းပွားမှု အပါအဝင် ကုန်သွယ်ရေးဆိုင်ရာ ပြဿနာတွေနဲ့ ပတ်သတ်ပြီး ဖြေရှင်းဖို့ မကြာခင် ဆွေးနွေးသွားဖို့ ရှိတယ်လို့ အမေရိကန် ဘဏ္ဍာရေးဝန်ကြီး Scott Bessent က ဇွန်လ ၁ ရက်နေ့မှာ ပြောပါတယ်။

အရေးပါတဲ့ သတ္တုတွင်းထွက်တွေအတွက် အခွန်စည်းကြပ်တာနဲ့ ကုန်သွယ်ရေး ကန့်သတ်ချက်တွေ အပြန်အလှန်လျော့ချရေး သဘောတူညီချက်တခုကို တရုတ်က ချိုးဖောက်ခဲ့တယ်လို့ ပြီးခဲ့တဲ့ သောကြာနေ့မှာ သမ္မတ ထရမ့်က စွပ်စွဲထားပါတယ်။

“တရုတ်နိုင်ငံ အခုလုပ်နေတာက အိန္ဒိယနဲ့ ဥရောပတို့မှာ စက်မှုလုပ်ငန်းထောက်ပံ့ရေး ကွင်းဆက်အတွက်  မရှိမဖြစ်လိုအပ်တဲ့ ကုန်ကြမ်းတွေကို ကိုင်ထားတာပါ”လို့ အမေရိကန်ဘဏ္ဍာရေးဝန်ကြီး Scott Bessent က ပြောပါတယ်။

ဒါဟာ ယုံကြည်စိတ်ချရတဲ့ မိတ်ဖက်တစ်ယောက် အနေနဲ့ လုပ်ဆောင်ရမယ့် အရာမဟုတ်ဘူးလို့လည်း သူက CBS သတင်းဌာနနဲ့ အင်တာဗျူးမှာ မှတ်ချက်ပြုထားပါတယ်။

ဒါပေမဲ့ သမ္မတထရမ့်နဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင့်တို့ ဖုန်းနဲ့ စကားပြောဆိုပြီးသွားရင်တော့ အခုဖြစ်ပျက်နေတဲ့ ပြဿနာတွေ ပြေလည်သွားမှာဖြစ်တယ်လို့လည်း ဆက်ပြောပါတယ်။

အမေရိကန် သမ္မတ ထရမ့်ကတော့ တရုတ်သမ္မတ ရှီနဲ့ စကားပြောဆို ဆွေးနွေးမှာ သေချာကြောင်း မေလ ၃၀ရက်နေ့က ပြောခဲ့ပါတယ်။

အမေရိကန်ဘဏ္ဍာရေးဝန်ကြီး Scott Bessent ကတော့ သမ္မတနှစ်ဦး စကားပြောဆို ဆွေးနွေးမယ့် အချိန်အတိအကျ မရှိသေးပေမဲ့ မကြာခင်မှာ ဆက်သွယ်ဆွေးနွေးကြမှာကို ယုံကြည်တယ်လို့ ဆိုထားပါတယ်။

Ref – Reuters