ရေကြီးရေလျှံမှုတွေ မဖြစ်အောင် ဘာတွေ ကြိုတင်ပြင်ဆင်ထားကြပြီလဲ

“ထွေအုပ်ရုံးဘေးမှာ ရေဘေးကူညီရေးဆိုင်းပုဒ် ထောင်ထားတာတော့တွေ့တယ်။ ကြိုတင်ပြင်ဆင်
ထားတာ ဖြစ်မှာပေါ့။ ‌သူတို့ဘာမှမလုပ်ထားပေမယ့် ကျွန်တော်ကတော့ ကိုယ့်အဖွဲ့ကို တပ်လှန့်ထားတယ် ”ဇလွန်မြို့နယ်ထဲက လူမှုကူညီရေး အသင်းတခုရဲ့ ဦးဆောင်သူက ပြောပါတယ်။

၂၊ဇွန်လ။

ဧရာဝတီမြစ်ဖျားပိုင်းမှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်နေတဲ့ အတွက် ဧရာဝတီမြစ်ဝကျွန်းပေါ် ဒေသအတွက် ရေကြီးမှာ ၊ ရေကာတာတွေ ကျိုးမှာကို စိုးရိမ်ပူပန်မှုတွေ ရှိနေပါတယ်။

“ အဲ့ဒီမှာလို(မေခမြစ်ကြောင်းမှာလိုမျိုး)ရေကြီးရင်တော့ ပြိုမှာပဲ။ ဒီမှာ ဘာမှပြင်ဆင်ထားတာမရှိဘူး။ ပြိုမယ့်နေရာတွေမှ အများကြီး။ ပြည်သူတွေကတော့ ကိုယ့်ဘာသာ ဂရုစိုက်ပေါ့။ မစိုက်တော့လည်းခံရုံပေါ့ ” လို့ ညောင်တုန်းမြို့နယ်မှာ လူမှုကူညီရေးတွေ ဆောင်ရွက်နေသူ တဦးက DNA ကိုပြောပါတယ်။

ညောင်တုန်းမြို့နယ်တင်မက မြန်အောင်နဲ့ ဇလွန်မြို့နယ်တွေက လူမှုကူညီရေး အသင်းအဖွဲ့တွေကလည်း ရေကြီးရေလျှံမှုတွေအတွက် သက်ဆိုင်ရာ အာဏာပိုင်တွေက ကြိုတင်ပြင်ဆင်မှုတွေ ဘာမှမလုပ်ထားကြတဲ့ အပေါ် စိုးရိမ်မှုတွေ ရှိနေသလို တဖက်မှာလည်း တတ်နိုင်သလောက် ကိုယ်ထူ ကိုယ်ထ စီစဉ်ထားတာမျိုးတွေ ပြုလုပ်နေကြတယ် လို့ သိရပါတယ်။

“ ထွေအုပ်ရုံးဘေးမှာ ရေဘေးကူညီရေးဆိုင်းပုဒ် ထောင်ထားတာတော့တွေ့တယ်။ ကြိုတင်ပြင်ဆင်ထားတာ ဖြစ်မှာပေါ့။ ‌သူတို့ဘာမှမလုပ် ထားပေမယ့် ကျွန်တော်ကတော့ ကိုယ့်အဖွဲ့ကို တပ် လှန့်ထားပါတယ်။ လိုအပ်တာနဲ့ ချက်ချင်းကူညီနိုင်အောင်ပေါ့။ကျွန်တော်ကတော့ ၂၀၂၅ တုန်းကလိုဖြစ်မှာကို စိုးရိမ်နေတယ်” လို့ ဇလွန်မြို့နယ်ထဲက လူမှုကူညီရေး အသင်းတခုရဲ့ ဦးဆောင်သူက ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်တုန်းက ဧရာဝတီမြစ်အထက်ပိုင်းက ရေဆင်းလာတဲ့အချိန်နဲ့ ရေထရက်(ဒီရေတက်ရက်) ဆုံတဲ့အပြင် မိုးလည်းသည်းထန်စွာရွာသွန်းခဲ့တာကြောင့် ကုန်းမြင့်တွေပေါ်မှာရှိတဲ့ အဆောက်အအုံတွေကအစ ရေနစ်မြုပ်တာတွေ ရှိခဲ့ပါတယ်။

လက်ရှိအချိန်မှာလည်း ဧရာဝတီမြစ်ထိပ်ဖျားပိုင်းမှာ စိုးရိမ်ရေမှတ်ကိုကျော်လွန်နေပြီး မိုးကလည်း ဆက်တိုက်ရွာသွန်းနေသလို အထက်ကရေ ဧရာဝတီတိုင်းထဲကိုရောက်မယ့် အချိန်ဟာလည်း ရေထရက်(ဒီရေတက်ရက်)ဝန်းကျင်မှာ ဖြစ်နေတာကြောင့် လူမှုကူညီရေး အသင်းတွေက စိတ်ပူနေကြတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံ မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနရဲ့ ထုတ်ပြန်ချက်တွေမှာ ဧရာဝတီမြစ်ရေရဲ့ စိုးရိမ်ရေမှတ်တွေဟာ အောက်ဘက်ပိုင်းဒေသတွေဆီကို ရောက်လာနေပြီဆိုတာကို တွေ့မြင်နိုင်ပါတယ်။

မိုးဇလပညာရှင်တချို့ကတော့ ဇွန်လ ၄ ရက်နေ့နောက်ပိုင်းမှာ မိုးနည်းသွားနိုင်တယ်လို့ ခန့်မှန်းထားကြပေမယ့် ဧရာဝတီတိုင်းကို အထက်ကဆင်းလာတဲ့ရေ ရောက်လာနိုင်မယ့်ရက်တွေမှာ မိုးသည်းထန် မှု ရှိနိုင် မရှိနိုင်ကိုတော့ ရာနူန်းပြည့် ခန့်မှန်းနိုင်ဖို့ အချိန်စောနေပါသေးတယ်။

ဧရာဝတီတိုင်းက လူမှုကူညီရေး အသင်းတွေကတော့ ရေဘေးနဲ့ သက်ဆိုင်တဲ့ ရေကြီးရေလျှံတာ၊ ကမ်းပြိုတာ၊ မြေပြိုတာစတာတွေနဲ့ ပတ်သက်ပြီး ဂရုတစိုက်ရှိကြဖို့ ဒေသခံတွေကို တိုက်တွန်းမှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။

Website တွင်လည်း ဖတ်ရှူနိုင်ပါတယ်။>