ဖိလစ်ပိုင်ကို ကမ္ဘာ့အင်အားပြင်းစူပါတိုင်ဖွန်းမုန်တိုင်းဝင်ရောက် (လူတစ်သန်းကျော်ကို‌ ဘေးလွတ်ရာရွေ့ပြောင်းထား)

၁ ၊ နိုဝင်ဘာလ ၊ ၂၀၂၀ ။

အင်အားပြင်း စူပါတိုင်ဖွန်းမုန်တိုင်း ဂိုနီဟာ ဒီကနေ့ မနက်ပိုင်းမှာ ဖိလစ်ပိုင်နိုင်ငံ အရှေ့ပိုင်းကနေ ကုန်းတွင်းပိုင်း ဝင်ရောက်လာပြီး မုန်တိုင်းလမ်းကြောင်းတစ်လျောက်မှာရှိတဲ့ ဒေသခံ တစ်သန်းကျော်ကို ဘေးလွတ်ရာ ကြိုတင်ရွေ့ပြောင်းထားတယ်လို့ ဖိလစ်ပိုင်အာဏာပိုင်တွေက ပြောပါတယ်။

ဟာရီကိန်းမုန်တိုင်းအဆင့် ၅အင်အားနဲ့ ညီမျှတဲ့ စူပါတိုင်ဖွန်းမုန်တိုင်း ဂိုနီဟာ ယခုနှစ်အတွင်း အားအပြင်းဆုံး မုန်တိုင်းဖြစ်ပြီး လက်ရှိမှာ တစ်နာရီကို အများဆုံးလေတိုက်နှုန်း မိုင်၁၄၀နှုန်း တိုက်ခတ်နေတာ ဖြစ်ပါတယ်။

မုန်တိုင်းအန္တရာယ်ကြောင့် ဆိပ်ကမ်းတွေ ပိတ်ထားဖို့ ဖိလစ်ပိုင်ကမ်းခြေစောင့်တပ်ဖွဲ့က အမိန့်ထုတ်ပြန်ထားပါတယ်။ ဒါ့အပြင် မြို့တော် မနီလာ အပြည်ပြည်ဆိုင်လေဆိပ်ကိုလည်း ဒီကနေ့မနက်ပိုင်းကစပြီး နောက်၂၄နာရီအတွင်း ပိတ်ထားလိုက်ပါပြီ။

တိုင်ဖွန်းမုန်တိုင်း ဂိုနီဟာ ဖိလစ်ပိုင်ကို ဝင်ရောက်လာတဲ့ ၁၈ခုမြောက်အပူပိုင်းမုန်တိုင်းဖြစ်ပြီး မြို့တော် မနီလာဟာလည်း မုန်တိုင်းလမ်းကြောင်းပေါ်မှာ တည်ရှိနေတာပါ။

မနီလာတောင်ပိုင်းက Batangas ၊ Bicol ၊ Quezon ၊ Laguna စတဲ့ ပြည်နယ်လေးခုကို ဖြတ်ကျော်ချိန်မှာ လေတိုက်နှုန်းအလွန်ပြင်းထန်ပြီး အဆမတန်မိုးများနိုင်တယ်လို့ ခန့်မှန်းထားကြောင်း ဖိလစ်ပိုင် မိုးလေဝသဗျူရိုက ပြောပါတယ်။

အန္တရာယ်ဇုန်ထဲက လူတွေအပါအဝင် လူပေါင်း ၁၉သန်းကနေ ၃၁သန်းအထိ မုန်တိုင်းဒဏ်ခံစားရနိုင်တယ်လို့ သဘာဝဘေးစီမံခန့်ခွဲရေး အေဂျင်စီက ပြောပါတယ်။

နောက်ထပ် စိန်ခေါ်မှုတစ်ခုကတော့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကို စိုးရိမ်တာကြောင့် ကယ်ဆယ်ရေးစင်တာတွေမှာ social distancing ထားရှိဖို့ အာဏာပိုင်တွေက သတိပေးနေရပါတယ်။

တိုင်ဖွန်းမုန်တိုင်း ဂိုနီဟာ Luzon ကျွန်းတောင်ပိုင်းဖြတ်ကျော်ချိန်မှာ အားလျော့သွားနိုင်ပြီး အဲဒီ့နောက် တောင်တရုတ်ပင်လယ်ထဲကို ဆက်ရွေ့လျားနိုင်တယ်လို့ နိုင်ငံပိုင် မိုးလေဝသဌာနက ခန့်မှန်းထားပါတယ်။

တိုင်ဖွန်းမုန်တိုင်းနဲ့ အပူပိုင်းမုန်တိုင်းတွေဟာ နှစ်စဉ် ဇွန်လကနေ ဒီဇင်ဘာလအထိ ဖိလစ်ပိုင်နိုင်ငံကို ဝင်ရောက်တိုက်ခတ်လေ့ရှိပြီး ရာနဲ့ချီတဲ့ လူသေဆုံးမှုတွေနဲ့ ဒေါ်လာဘီလီယံချီ ပျက်စီးဆုံးရှုံးနေရတာ ဖြစ်ပါတယ်။

ဖိလစ်ပိုင်ဟာ ကမ္ဘာပေါ်မှာ မကြာခဏငလျင်လှုပ် ၊ မီးတောင်ပေါက်ကွဲ စတဲ့ သဘာဝဘေးအဖြစ်အများဆုံး Pacific Ring of Fire ခေါ် ပစိဖိတ်သမုဒ္ဒရာရဲ့ ချိုင့်ဝှန်းထဲမှာ တည်ရှိနေပြီး တစ်နှစ်ကို တိုင်ဖွန်းမုန်တိုင်း ၂၀ခန့် ဝင်ရောက်လေ့ရှိပါတယ်။

ပြီးခဲ့တဲ့လက ဖိလစ်ပိုင်းကို တိုင်ဖွန်းမုန်တိုင်း Molave ဝင်ရောက်ခဲ့တာကြောင့် လူ ၂၂ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။

Ref : watoday
Photo Credit :PHILIPPINE COAST GUARD, AP