ကျုံမငေးမှာ စက်လှေစီး အင်အားပြခဲ့တဲ့ NLD ဝန်းရံသူတစ်ဦး ရေထဲပြုတ်ကျသေဆုံး

၂၆ ၊ အောက်တိုဘာလ ၊ ၂၀၂၀

ဧရာဝတီတိုင်း၊ ဝါးခယ်မမြို့နယ် ကျုံမငေးမြို့ မြစ်အတွင်း စက်လှေစီးအင်အားပြတဲ့ NLD ပါတီဝန်းရံကြသူတွေထဲက အမျိုးသားတစ်ဦး ရေထဲပြုတ်ကျ သေဆုံးခဲ့တဲ့ ဖြစ်စဉ် အောက်တိုဘာလ ၂၅ရက်နေ့ မွန်းလွဲပိုင်းက ဖြစ်ပွားခဲ့ပါတယ်။

ဝါးခယ်မမြို့နယ် အောက်ပေကုန်းကျေးရွာအုပ်စု၊ လေးအိမ်တန်းရွာက ဦးဝင်းချစ်(၃၇နှစ်အရွယ်)ဟာ ဝန်းရံသူတွေနဲ့အတူ ကျုံမငေးမြို့မှ သရွက်မြိုက်ရွာသို့ အင်အားပြ လှည်လည်ဖို့ ဂေါ်စက်လှေနဲ့ လိုက်ပါခဲ့ရာ ငှက်ကျကျေးရွာအနီးမှာ မြစ်အတွင်း ပြုတ်ကျသေဆုံးခဲ့တာ ဖြစ်တယ်လို့ တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှဒုတိယရဲမှူးကြီး ထွန်းရွေက ပြောပါတယ်။

“ဂေါ်စက်လှေပေါ်မှာ ကခုန်ကြပြီး အရှိန်မထိန်းနိုင်ဖြစ်တာက ရေထဲပြုတ်ကျတာပါ၊ အရက်သေစာ သောက်ထားတယ်လို့ စစ်ဆေးချက်အရ သိရတယ် ချက်ခြင်းဆယ်ယူ လို့ မရနိုင်ခဲ့ဘူး” လို့ ဆက်ပြောပါတယ်။

ရေထဲပြုတ်ကျ သေဆုံးသူ ဦးဝင်းချစ်ရဲ့ ရုပ်အလောင်းကို အောက်တိုဘာ ၂၆ရက်နေ့ မနက်ပိုင်းမှာ ငှက်ကျကျေးရွာအနီး မြစ်ထဲက ငါးဖမ်းပိုက်မှာ ကပ်ညှိနေတဲ့ အနေအထားနဲ့ ပြန်တွေ့ခဲ့တာ ဖြစ်ပါတယ်။

အဲ့ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး ရေယာဉ်မဆင်မခြင်မောင်းနှင်မှုနဲ့ ဦးဇော်မင်းထွဋ်ကို ရာဇသတ်ကြီး ပုဒ်မ ၂၈၀နဲ့ ကျုံမငေးနယ်မြေရဲစခန်းက အမှုဖွင့် ဖမ်းဆီးစစ်ဆေးနေပါတယ်။

ဓါတ်ပုံ ဇော်ပိုင်ထက် fb