ဖျာပုံမှာ WY ဆေးပြားတွေ သိမ်းဆည်းရမိ (လူငါးဦးကို အရေးယူထား)

၂၅၊ အောက်တိုဘာလ၊ ၂၀၂၀။

ဧရာဝတီတိုင်း ၊ ဖျာပုံမြို့မှာ WYစာတမ်းပါ လိမ္မော်ရောင် ဆေးပြား(၇၀)ပြားနဲ့အတူ သုံးစွဲသူနဲ့ ရောင်းချသူ စုစုပေါင်း(၅)ဦးကို မနေ့ညနေပိုင်းက ဖမ်းဆီးရမိခဲ့တယ်လို့ ဖျာပုံမြို့မရဲစခန်းမှ တာဝန်ရှိသူကပြောပါတယ်။

ဖျာပုံမြို့၊ အမှတ်(၁)ရပ်ကွက်၊ ဓနိတော(၂)လမ်းထဲက နေအိမ်တစ်လုံးကို ဖမ်းဝရမ်းနဲ့တကွ ရဲတပ်ဖွဲ့က ဝင်ရောက်ရှာဖွေခဲ့ရာ စိတ်ကြွရူးသွပ်ဆေးပြားလို့ ယူဆရတဲ့ WY စာတမ်းပါ ဆေးပြား စုစုပေါင်း(၇၀)ပြားကို သိမ်းဆည်းရမိခဲ့ပြီး အမှတ်(၁၅)ရပ်ကွက်၊ အောင်သုခလမ်းက နေအိမ်နောက်တစ်လုံးကိုလည်း ဝင်ရောက်ရှာဖွေခဲ့ရာ မူးယစ်ဆေးဝါး သုံးစွဲရာမှာ အသုံးပြုတဲ့ ဆက်စပ်ပစ္စည်းတွေ တွေ့ရှိခဲ့တယ်လို့ ရဲမှတ်တမ်းမှာ ဖော်ပြထားပါတယ်။

အဲဒီ့ဖြစ်စဉ်နဲ့ ပတ်သတ်ပြီး ဆေးပြားတွေကို ရောင်းချဖို့ လက်ဝယ်ထားရှိသူ ရဲဇော်ထက်(၂၄)နှစ် ၊ ဝဏ္ဏထွန်း(ခ)အရိုး (၂၁)နှစ်၊ ရဲဇော်ထိုက်(၁၉)နှစ်၊ ကောင်းခန့်ကျော် (၁၇)နှစ်နဲ့ မူးယစ်ဆေးဝါး ရောင်းချသူ ဖြိုးစည်သူ (၂၃)နှစ်တို့ကို ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ သူတို့ကို မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ မယ(ပ) ၁၄/၂၀၂၀၊ မူး/စိတ်ပုဒ်မ ၁၉(က)/၂၁နဲ့ ဖျာပုံမြို့မရဲစခန်းက အမှုဖွင့် အရေးယူထားတယ်လို့ သိရပါတယ်။