ရုရှားက ယူကရိန်းကို ဒရုန်း ၃၀၀ နီးပါးစေလွှတ်ပြီး အကြီးဆုံး ဒရုန်းတိုက်ခိုက်မှုပြုလုပ်

အမေရိကန်သမ္မတ ထရမ့်နဲ့ ရုရှားသမ္မတ ပူတင်တို့ အပစ်အခတ်ရပ်စဲရေးအတွက် ဖုန်းခေါ်ဆွေးနွေးဖို့ အဆိုပြုထားတဲ့ ရက်မတိုင် တစ်ရက်အလိုမှာပဲ ရုရှားဘက်က ယူကရိန်းစစ်ပွဲတစ်လျှောက် အကြီးမားဆုံး ဒရုန်းတိုက်ခိုက်မှုကို ပြုလုပ်ခဲ့ပါတယ်။

၁၉၊ မေ

မေလ ၁၈ ရက်နေ့က ရုရှားရဲ့ အဆိုပါ တိုက်ခိုက်မှုကြောင့် နေအိမ်အများအပြားပျက်စီးပြီး အနည်းဆုံး အမျိုးသမီးတစ်ဦးသေဆုံးခဲ့ရတယ်လို့ ဆိုပါတယ်။

ယူကရိန်း ထောက်လှမ်းရေးဌာနကတော့ ရုရှားဟာ အနောက်နိုင်ငံတွေကို ခြိမ်းခြောက်ဖို့ ကြိုးပမ်းတဲ့အနေနဲ့ တိုက်ချင်းပစ် ဒုံးကျည်တွေကို ပစ်လွှတ်ခဲ့တယ်လို့ ထုတ်ပြန်ခဲ့ပြီး ဒီစွပ်စွဲချက်နဲ့ ပတ်သက်လို့ ရုရှားဘက်က ချက်ချင်း တုံ့ပြန်လာတာ မရှိသေးပါဘူး။

ဒီကနေ့ မေလ ၁၉ရက်နေ့မှာ သမ္မတထရမ့်နဲ့ ပူတင်တို့ ဖုန်းခေါ်ဆွေးနွေးဖို့ စီစဉ်ထားတာပါ။

“ပြင်းထန်တဲ့ ဒဏ်ခတ်မှုတွေက ထရမ့်ပေါ်ပဲမူတည်တယ်။ တကယ်လို့ ဆွေးနွေးပွဲအဆင်မပြေဘူးဆိုရင်လည်း ဥရောပမိတ်ဖက်တွေနဲ့အတူတူ ဆန်ရှင်လုပ်ဖို့ အမေရိကန်ဘက်ကတော့ တုံဆိုင်းနေမှာမဟုတ်ဘူးပေါ့။” လို့ အမေရိကန်ဘဏ္ဍာရေးဝန်ကြီး စကော့ ဘီဆန့်က NBC သတင်းဌာနနဲ့ အင်တာဗျူးမှာ ပြောခဲ့ပါတယ်။

ရုရှားဘက်က ဒရုန်းတိုက်ခိုက်မှုတွေဟာ စစ်ပွဲသုံးနှစ်ကျော်ကာလအတွင်း အရင်စံချိန်တွေထက်များပြားပြီး ယူကရိန်းမြို့တွေကို ဒရုန်း ၂၇၃ စင်းနဲ့ တိုက်ခိုက်ခဲ့တယ်လို့ ယူကရိန်းလေတပ်က ပြောပါတယ်။

ယူကရိန်း သမ္မတ ဇေလန်းစကီးကတော့ မနေ့က ပုပ်ရဟန်းမင်းကြီး လီယို ၁၄ ရဲ့ ကျမ်းသစ္စာ ကျိန်ဆိုမှုအပြီး ရောမမြို့မှာ အမေရိကန် ဒုသမ္မတ ဂျေဒီဗန့်နဲ့ နိုင်ငံခြားရေးဝန်ကြီး မာကိုရိုဘီယိုတို့ကို တွေ့ဆုံခဲ့ပါတယ်။ ဒါဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက ဇီလန်းစကီးရဲ့ အိမ်ဖြူတော် ခရီးစဉ်အပြီး ထပ်မံတွေ့ဆုံမှုလည်း ဖြစ်ပါတယ်။

ဒီတွေ့ဆုံမှုကို ယူကရိန်းသမ္မတ ဇီလန်းစကီးဘက်က ကောင်းမွန်တဲ့ တွေ့ဆုံမှုအဖြစ် မှတ်ယူထားပြီး ပုပ်ရဟန်းမင်းကြီးနဲ့ တွေ့ဆုံမှုမှာလည်း ယူကရိန်းဟာ သံခင်းတမန်ခင်း စေ့စပ်ညှိနှိုင်းရေးအတွက် အသင့်ရှိပြီး အပစ်အခတ်ရပ်စဲရေးကိုလည်း ချွင်းချက်မရှိ ရပ်တန့်ဖို့ အရေးကြီးတဲ့ အကြောင်းကိုလည်း ပြောခဲ့ပါတယ်။

ယူကရိန်းနဲ့ ရုရှားတို့ဟာ သုံးနှစ်ကျော်ကာလအတွင်း ပထမဆုံး မျက်နှာချင်းဆိုင် ဆွေးနွေးပွဲကို ပြီးခဲ့တဲ့ သောကြာနေ့မှာ ကျင်းပခဲ့ပြီး အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်တွေ လုပ်ဆောင်ဖို့ အမေရိကန် သမ္မတ ထရမ့်ဘက်ကလည်း ဖိအားပေးခဲ့ပါတယ်။

ဒါပေမဲ့ ယူကရိန်း-ရုရှား နှစ်ဘက်တွေ့ဆုံမှုမှာ အပစ်အခတ် ရပ်စဲရေး သဘောတူညီမှုဟာ တိုးတက်မှု မရှိခဲ့ဘဲ နှစ်ဘက် အကျဉ်းသား ၁,၀၀၀ လဲလှယ်ရေး အစီအစဉ်သာ သဘောတူညီမှု ရခဲ့ကြပါတယ်။

Ref – Reuters