ဟောင်ကောင်နဲ့ စင်ကာပူမှာ ကိုဗစ်ကူးစက်မှု တိုးမြင့်လာ

 

ကျန်းမာရေးတာဝန်ရှိသူတွေက ကိုဗစ်ဆေးထိုးတာတွေကို ဆက်လက်ပြုလုပ်ဖို့ အကြံပေးထားပြီး နောက်ထပ် Booster Shot တွေကိုလည်း ထပ်ထိုးဖို့ တိုက်တွန်းထားပါတယ်။

၁၆၊ မေ

အာရှမှာ ပြန်လည်ပျံ့နှံ့လာတဲ့ ကိုဗစ်လှိုင်းကြောင့် လူနေထူထပ်တဲ့ ဟောင်ကောင်နဲ့ စင်ကာပူရှိ နေရာတွေမှာ ကိုဗစ်-၁၉ ဖြစ်ပွားမှု တိုးလာနေတယ်လို့ ကျန်းမာရေးအာဏာပိုင်တွေက သတိပေးထားပါတယ်။

ဟောင်ကောင်မှာ ကိုဗစ်-၁၉ ဖြစ်ပွားမှုဟာ အလွန်မြင့်မားလာတယ်လို့ ဟောင်ကောင်ကျန်းမာရေးကာကွယ်စောင့်ရှောက်ရေး စင်တာရဲ့ ကူးစက်ရောဂါဌာနခွဲအကြီးအကဲ Albert Au က အခု သီတင်းပတ်အတွင်း ပြည်တွင်းမီဒီယာတွေကို ပြောပါတယ်။

အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါတွေကို စမ်းသပ်စစ်ဆေးတဲ့အခါ ကိုဗစ်-၁၉ ရောဂါ တွေ့တာဟာ ရာခိုင်နှုန်းအနေနဲ့ တစ်နှစ်အတွင်း အမြင့်ဆုံး ရောက်ရှိလာခဲ့တယ်လို့ ဆိုပါတယ်။

ဟောင်ကောင်မှာ ကိုဗစ်ဖြစ်လို့ ပြင်းထန်တဲ့ နာမကျန်းဖြစ်မှုတွေနဲ့ လူသေဆုံးမှုတွေဟာ မေလ ၃ ရက်အထိ သီတင်းပတ်တပတ်တွင်း ၃၁ ဦး ရှိခဲ့ပြီး ဒါဟာ တစ်နှစ်အတွင်းအမြင့်ဆုံးဖြစ်တယ်လို့ အသိပေးထားပါတယ်။

တကျော့ပြန်ကိုဗစ်ကူးစက်မှုဟာ လွန်ခဲ့တဲ့ ၂ နှစ်အတွင်း ဖြစ်ပွားမှု အမြင့်ဆုံးကာလတွေနဲ့ မတူညီပေမယ့် မိလ္လာလို မသန့်စင်တဲ့ ရေထဲမှာ ဗိုင်းရပ်စ်ပမာဏတွေ့ရှိမှု မြင့်တက်လာတာနဲ့ ကိုဗစ်ဆိုင်ရာ တိုင်ပင် ဆွေးနွေးမှုတွေအပြင် ဆေးရုံတက်လူနာများပြားလာတာဟာ လူ ခုနှစ်သန်းကျော် နေထိုင်တဲ့ မြို့အတွင်း လျင်လျင်ပျံ့နှံ့နေတာဖြစ်တယ်လို့ ဟောင်ကောင် ကျန်းမာရေး အာဏာပိုင်တွေက သတိပေးထားပါတယ်။

စင်ကာပူမှာလည်း ကိုဗစ်နဲ့ ပတ်သက်တဲ့ သတိပေးချက်တွေ ရှိလာပြီး ကျန်းမာရေး ဝန်ကြီးဌာနက တစ်နှစ်နီးပါးအကြာမှာ ပထမဆုံးအကြိမ်အဖြစ် ကိုဗစ်ကူးစက်မှုအရေအတွက်နဲ့ ပတ်သက်တဲ့ အချက်အလက်အသစ်ကို ထုတ်ပြန်ထားပါတယ်။

ခန့်မှန်းခြေအနေနဲ့ မေလ ၃ ရက်အထိ တပတ်အတွင်း ကူးစက်မှုအရေအတွက်ဟာ ရာခိုင်နှုန်း ၂၈ တက်လာပြီး စုစုပေါင်း ၁၄,၂၀၀ ရောက်သွားခဲ့တာပါ။ နေ့စဉ် ဆေးရုံတက်ရောက်သူ ၃၀ ရာခိုင်နှုန်းဝန်းကျင် မြင့်တက်လာပြီး စင်ကာပူ အာဏာပိုင်တွေကတော့ ကူးစက်မှုအခြေအနေတွေကို အချိန်မီထုတ်ပြန်အသိပေးနေပါတယ်။

အခုလို ကိုဗစ်ကူးစက်မှု မြင့်တက်လာတာဟာ များလာတာဟာ လူသားတွေရဲ့ ခုခံအားစနစ် လျော့နည်းလာတဲ့ အကြောင်းအရင်းတွေကြောင့် ဖြစ်နိုင်ပေမယ့် လက်ရှိ ပျံ့နှံ့နေတဲ့ ဗိုင်းရပ်စ် အမျိုးအစားသစ်ဟာ ကိုဗစ်ကပ်ဘေးကာလကထက် ပိုမိုကူးစက်တာ ဒါမှမဟုတ် ပိုဆိုးတဲ့ ရောဂါအခြေအနေတွေကို ဖြစ်စေနိုင်တယ်ဆိုတဲ့ သက်သေတွေတော့ မရှိနေဘူးလို့ စင်ကာပူရဲ့ ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။

ပြီးခဲ့တဲ့ လတွေအတွင်း ကိုဗစ် ကူးစက်ပျံ့နှံ့မှုဟာ ဒေသတွင်း အတိုင်းအတာနဲ့ ပြန်လည် မြင့်တက်လာနေပါတယ်။ ကျန်းမာရေးတာဝန်ရှိသူတွေက ကိုဗစ်ဆေးထိုးတာတွေကို ဆက်လက်ပြုလုပ်ဖို့ အကြံပေးထားပြီး နောက်ထပ် Booster Shot တွေကိုလည်း ထပ်ထိုးဖို့ တိုက်တွန်းထားပါတယ်။

အခုလို ကိုဗစ် ပျံ့နှံ့မှုတွေ ပြန်ဖြစ်လာတာဟာ ကမ္ဘာတဝန်း နေရာအများအပြားမှာ အစုလိုက်ကူးစက်မှုတွေ ရှိနေသေးတယ်ဆိုတဲ့  သတိပေးချက်လည်း ဖြစ်တယ်လို့ ဆိုပါတယ်။

တခြား အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါတွေဟာ အေးမြတဲ့ရာသီဥတုမှာ ပိုမိုအဖြစ်များတတ်ပေမဲ့ အခု ကိုဗစ်ရောဂါကတော့ ကမ္ဘာ့မြောက်ဘက်ခြမ်းနေရာတွေမှာ ရာသီဥတုပူပြင်းသည့်တိုင် ကူးစက်နိုင်နေတာ ဖြစ်ပါတယ်။

တရုတ်ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးစင်တာရဲ့ အချက်အလက်တွေအရ ပြီးခဲ့တဲ့ နွေရာသီက ကိုဗစ်လှိုင်းဟာ နိုင်ငံအတွင်း အမြင့်ဆုံးရှိခဲ့ပြီး မေလ ၄ ရက်နေ့ကနေ သီတင်းပတ် ငါးပတ်အတွင်း တရုတ်ပြည်မကြီးတဝန်း ဆေးရုံတွေမှာ ကိုဗစ်ဗိုင်းရပ်စ် ကူးစက်ခံရမှု နှစ်ဆကျော်တိုးလာတယ်လို့ ဆိုပါတယ်။

ထိုင်းနိုင်ငံမှာတော့ အခုနှစ် ဆုန်ခရန်သင်္ကြန်ပွဲအပြီး အစုလိုက်အနေနဲ့ ကူးစက်မှုနှစ်ကြိမ်ဖြစ်ခဲ့ပြီး ရောဂါကူးစက်မှုလည်း တိုးပွားလာခဲ့ပါတယ်။ ဒါပေမဲ့ ကျန်းမာရေးဝန်ကြီးဌာနကတော့ ရောဂါလက္ခဏာဟာ ပုံမှန်အားဖြင့် မပြင်းထန်ဘူးလို့ အသိပေးထားပြီး လူထုကိုလည်း အစိုးရိမ် မလွန်ကြဖို့ တိုက်တွန်းထားပါတယ်။

Ref – Bangkok Post