ပူတင်ရဲ့ ငြင်းဆိုမှုကြောင့် အမေရိကန်သမ္မတ ထရမ့်နဲ့ ယူကရိန်းသမ္မတ ဇီလန်းစကီးတို့ကလည်း မေလ ၁၅ ရက်၊ အစ္စတန်ဘူလ်မှာ ပြုလုပ်မယ့် ခရီးစဉ်ကို မသွားဖို့ ဆုံးဖြတ်လိုက်ကြတာ ဖြစ်ပါတယ်၊
၁၅၊ မေ
ရုရှား-ယူကရိန်းစစ်ပွဲ အဆုံးသတ်ရေးအတွက် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၊ ယူကရိန်းသမ္မတ ဇီလန်းစကီးနဲ့ ရုရှားသမ္မတ ပူတင်တို့အကြား အဆိုပြုထားတဲ့ သုံးနိုင်ငံ ငြိမ်းချမ်းရေး ထိပ်သီးဆွေးနွေးပွဲဟာ သမ္မတ ပူတင် တက်ရောက်ဖို့ ငြင်းဆိုခဲ့ပြီးနောက် သမ္မတသုံးဦးပါဝင်မယ့် အဆိုပါ ထိပ်သီးဆွေးပွဲ မဖြစ်မြောက်တော့ပါဘူး။
ဒီကနေ့ မေလ ၁၅ရက်နေ့မှာ တူရကီနိုင်ငံ၊ အစ္စဘူလ်မြို့မှာ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ကျင်းပနေတာ ဖြစ်ပါတယ်။
ပူတင်ရဲ့ ငြင်းဆိုမှုကြောင့် အမေရိကန်သမ္မတ ထရမ့်နဲ့ ယူကရိန်းသမ္မတ ဇီလန်းစကီးတို့ကလည်း ဒီကနေ့ အစ္စတန်ဘူလ်မှာ ပြုလုပ်မယ့် ခရီးစဉ်ကို မသွားဖို့ ဆုံးဖြတ်လိုက်ကြတာပါ။
မေလ ၁၄ ရက်နေ့မှာ ရိုက်တာ သတင်းဌာနက အမေရိကန်အရာရှိတစ်ဦးရဲ့ ပြောဆိုချက်ကို ကိုးကားတင်ပြရာမှာ ရုရှားဘက်က သမ္မတ ပူတင်မပါတဲ့ ကိုယ်စားလှယ်အဖွဲ့ကို ကြေညာပြီးနောက် အမေရိကန်သမ္မတ ထရမ့်ဟာ အခုခရီးစဉ်ကို ဖျက်သိမ်းလိုက်တာဖြစ်တယ်လို့ ဆိုပါတယ်။
ယူကရိန်းသမ္မတ ဇီလန်းစကီးကလည်း သမ္မတပူတင်ပါတဲ့ အစည်းအဝေးသာ ပါဝင် တက်ရောက်သွားမယ်လို့ အသိပေးထားပါတယ်။
ရုရှားသမ္မတ ပူတင်ဟာ အစ္စတန်ဘူလ်ကို လွှတ်မယ့် ရုရုားကိုယ်စားလှယ်အဖွဲ့မှာ သူ့ရဲ့ လက်ထောက် Vladimir Medinsky ကို ခေါင်းဆောင်အဖြစ် စေလွှတ်မယ်လို့ အတည်ပြုခဲ့တာပါ။
အဲဒီကိုယ်စားလှယ် အဖွဲ့မှာ တခြားအဖွဲ့ဝင်တွေဖြစ်တဲ့ ဒုတိယနိုင်ငံခြားရေးဝန်ကြီး Mikhail Galuzin၊ ဒုတိယကာကွယ်ရေးဝန်ကြီး Alexander Fomin နဲ့ ရုရှား ထောက်လှမ်းရေး (GRU) အကြီးအကဲ ဗိုလ်ချုပ်ကြီး Igor Kostyukov တို့ ပါဝင်နေပါတယ်။
Vladimir Medinsky နဲ့ Alexander Fomin တို့ဟာ ယူကရိန်းကို ရုရှားက ကျူးကျော်ဝင်ရောက်ပြီးနောက်ပိုင်း ၂၀၂၂ ခုနှစ် မတ်လ ၂၉ ရက်နေ့ အစ္စဘူလ်မှာ ပြုလုပ်ခဲ့တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာလည်း ပါဝင်ခဲ့ဖူးသူတွေဖြစ်ပါတယ်။
အစ္စတန်ဘူလ် ဆွေးနွေးပွဲဟာ မေ ၁၁ ရက်နေ့မှာ စတင်ခဲ့တာဖြစ်ပြီး အမေရိကန်၊ ရုရှားနဲ့ ယူကရိန်းက သမ္မတ သုံးဦးစလုံး တက်ရောက်ဖို့ စိတ်ဝင်စားမှုရှိခဲ့တာကြောင့် အပြုသဘောဆောင်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲအဖြစ် မျှော်လင့်ချက်တွေ မြင့်တက်လာခဲ့တာဖြစ်ပါတယ်။
သမ္မတသုံးဦးစလုံးပါဝင်မယ့် ထိပ်သီးဆွေးနွေးပွဲ ပျက်သွားပေမဲ့ အမေရိကန်အနေနဲ့ အခုကျင်းပနေတဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေမှာ ပါဝင်တက်ရောက်မှာဖြစ်ပါတယ်။
နိုင်ငံခြားရေးဝန်ကြီး Marco Rubio၊ အထူးသံတမန် Steve Witkoff နဲ့ Keith Kellogg တို့ဟာ ရုရှားနဲ့ ယူကရိန်းအကြား စေ့စပ်ညှိနှိုင်းရေးအတွက် အစ္စတန်ဘူလ် ဆွေးနွေးပွဲကို တက်ရောက်သွားမယ်လို့ သိရပါတယ်။
Ref – Asiatoday