တရုတ်အနေနဲ့ ဒေသတွင်း ဩဇာလွှမ်းမိုးဖို့အတွက် ထိုင်းပင်လယ်ကွေ့မှာ ပြန်လည်မွမ်းမံထားတဲ့ ကမ္ဘောဒီယား ရေတပ်အခြေစိုက်စခန်းကို အသုံးပြုနေတဲ့အပေါ် အမေရိကန်ကလည်း စိုးရိမ်နေပါတယ်။
၁၅၊ မေ
ကမ္ဘောဒီးယားနဲ့ တရုတ်နိုင်ငံတို့ဟာ ပြီးခဲ့တဲ့ မေလ ၁၄ ရက်နေ့က နှစ်နိုင်ငံ အကြီးဆုံး ပူးတွဲစစ်ရေးလေ့ကျင့်မှုကို စတင်ခဲ့ပြီး အမြောက်တွေ၊ စစ်သင်္ဘောတွေနဲ့ စစ်ရေးသုံး ခွေးစက်ရုပ်တွေအပါအဝင် တရုတ်ရဲ့ ကာကွယ်ရေးသုံး အဆင့်မြင့် စစ်ရေးနည်းပညာတွေ ပါဝင်တယ်လို့ သိရပါတယ်။
ကမ္ဘောဒီးယားဟာ ကာလရှည် တရုတ်ရဲ့ ခိုင်မာတဲ့ မဟာမိတ်အဖြစ် ရှိခဲ့ပြီး တရုတ်ဆီက ဒေါ်လာဘီယီယံချီ ရင်းနှီးမြှုပ်နှံမှုတွေလည်း ရရှိထားပါတယ်။
တရုတ်အနေနဲ့ ဒေသတွင်း ဩဇာလွှမ်းမိုးဖို့အတွက် ထိုင်းပင်လယ်ကွေ့မှာ ပြန်လည်မွမ်းမံထားတဲ့ ကမ္ဘောဒီယား ရေတပ်အခြေစိုက်စခန်းကို အသုံးပြုနေတဲ့အပေါ် အမေရိကန်ကလည်း စိုးရိမ်နေပါတယ်။
တရုတ်-ကမ္ဘောဒီးယား စစ်ရေးလေ့ကျင့်မှုဟာ မေလ ၂၈ ရက်နေ့အထိ ကြာမြင့်မှာဖြစ်ပြီး လေ့ကျင့်မှုတွေအတွင်း တရုတ်စစ်တပ်က တပ်ဖွဲ့ဝင် ၉၀၀ နီးပါးနဲ့ ကမ္ဘောဒီးယားစစ်တပ်ဘက်ကတော့ တပ်ဖွဲ့ဝင် ၁,၃၀၀ ကျော် ပါဝင်တယ်လို့ ကမ္ဘောဒီးယား တော်ဝင်တပ်ဖွဲ့ (RCAF) က ထုတ်ပြန်ထားပါတယ်။
စစ်ရေးလေ့ကျင့်မှုအတွင်း တရုတ်ရဲ့ စစ်ဘက်ဆိုင်ရာ အဆင့်မြင့် စစ်ရေးသုံးပစ္စည်းတွေပါဝင်သလို သံချပ်ကာယာဉ်တွေ၊ ရဟတ်ယာဉ်တွေ၊ စစ်သင်္ဘောတွေ၊ ကင်းထောက်ဒရုန်းတွေနဲ့ စစ်ဘက်သုံး ခွေးစက်ရုပ်တွေလည်း ပါဝင်တယ်လို့ ဆိုပါတယ်။
ကမ္ဘောဒီးယား တော်ဝင်တပ်ဖွဲ့ (RCAF) ရဲ့ ပြောရေးဆိုခွင့်ရှိသူ Thong Solimo က နှစ်စဉ်ပြုလုပ်နေကျ စစ်ရေးလေ့ကျင့်မှုဟာ တရုတ်နဲ့ ကမ္ဘောဒီးယား စစ်တပ်နှစ်ခုအကြား ပိုမိုနက်ရှိုင်းတဲ့ ဆက်ဆံရေးကို ဖော်ဆောင်ဖို့ဖြစ်ပြီး တပ်ဖွဲ့အင်အား သာမက စစ်ဘက်အသုံးအဆောင်တွေဟာ မနှစ်ကထက် ပိုမိုကြီးမားတယ်လို့ AFP သတင်းဌာနကို ပြောပါတယ်။
နှစ်နိုင်ငံ စစ်ရေးလေ့ကျင့်မှုအတွက် တရုတ်ရေတပ် သင်္ဘောကြီး Changbai Shan ဟာ ပြီးခဲ့တဲ့ တနင်္လာနေ့က တရုတ်က ပြန်လည်မွမ်းမံပေးထားတဲ့ ကမ္ဘောဒီးယား ရေတပ်အခြေစိုက်စခန်းReamကို စစ်လက်နက်ပစ္စည်းတွေနဲ့အတူ ဆိုက်ကပ်လာခဲ့တာဖြစ်ပါတယ်။
ကမ္ဘောဒီးယား နိုင်ငံရေး လေ့လာသုံးသပ်သူ Ou Virak က တရုတ်ဟာ သူ့ရဲ့ စူပါ ပါဝါကို တခြားသူတွေသိအောင် “Golden Dragon (ရွှေနဂါး)” လို့ အမည်ပေးထားတာက ပူးတွဲစစ်ရေးလေ့ကျင့်မှုကနေတဆင့် ပြသနေတာဖြစ်တယ်လို့ မှတ်ချက်ပြုခဲ့ပါတယ်။
ကမ္ဘောဒီးယားဟာ တရုတ်ဆီကနေ စစ်င်္ဘောနှစ်စင်း လက်ခံရရှိဖို့ မျှော်လင့်ထားပါတယ်။
ကမ္ဘောဒီးယားဟာ Golden Dragon စစ်ဆင်ရေးကို ၂၀၁၆ ခုနှစ်မှာ စတင်ခဲ့ပြီး ၂၀၁၇ ခုနှစ်အစောပိုင်းက အမေရိကန်စစ်တပ်နဲ့ ပူးပေါင်းပြုလုပ်တဲ့ “Angkor Sentinel” ပူးတွဲလေ့ကျင့်မှုကိုတော့ ဖျက်သိမ်းခဲ့ပါတယ်။
Ref – AFP