ဗီယက်နမ်မှာ ရေကြီးမြေပြိုမှုတွေကြောင့် လူပေါင်း (၇၀)ကျော်သေဆုံး

၁၈ ၊ အောက်တိုဘာလ ၊ ၂၀၂၀ ။

ဗီယက်နမ်နိုင်ငံ အလယ်ပိုင်းမှာ ယခုလအစောပိုင်းကတည်းက ဆိုးရွားတဲ့ရာသီဥတုအခြေအနေအတွင်း ရေကြီးမြေပြိုမှုတွေကြောင့် လူပေါင်း ၇၀ကျော်သေဆုံးခဲ့ပြီး လာမယ့်ရက်ပိုင်းအတွင်းမှာလည်း မိုးများမယ်လို့ မိုးလေဝသခန့်မှန်းချက်တွေ ထုတ်ပြန်ထားပါတယ်။

ဒီကနေ့မနက်အစောပိုင်းက ဗီယက်နမ်နိုင်ငံအလယ်ပိုင်းမှာ မြေပြိုမှုကြောင့် စစ်သား ၅ယောက်သေဆုံးပြီး ၁၈ယောက်ထက်မနည်း ပျောက်ဆုံးနေတယ်လို့ ဗီယက်နမ်အစိုးရက ပြောပါတယ်။

Quang Tri ပြည်နယ်စစ်အခြေစိုက်စခန်းတစ်ခုက စစ်တန်းလျားမှာ မြေပြိုခဲ့တာဖြစ်ပြီး စစ်သားအရေအတွက် စုစုပေါင်း ၂၂ယောက် မြေပြိုတဲ့ထဲ ပါသွားတယ်လို့ အစိုးရရဲ့ တရားဝင်ဝက်ဆိုဒ်မှာ အစောပိုင်းက ဖော်ပြခဲ့ပါတယ်။ လက်ရှိမှာတော့ စစ်သား ၅ယောက်ရဲ့အလောင်းကို ရှာတွေ့ထားပြီ ဖြစ်ပါတယ်။

“မနက် ၂နာရီလောက်မှာ မြေပြိုတာ ၄ ခု ၅ခုလောက်ဖြစ်တယ်။ ဗုံးပေါက်ကွဲသလိုပဲ ပြီးတော့ ဒီတောင်ကြီးတစ်ခုလုံးပြိုကျလာသလို ခံစားရတယ်” လို့ ဒေသန္တအရာရှိ တစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းကလည်း အိမ်နီးချင်း Thua Thien Hue ပြည်နယ်မှာ မြေပြိုလို့ ကယ်ဆယ်ရေးအဖွဲ့ဝင် ၁၃ယောက်သေဆုံးခဲ့ပါသေးတယ်။

လက်ရှိ Quang Tri ပြည်နယ်က မြစ်ချောင်းတွေရဲ့ ရေအမှတ်ဟာ ဆယ်စုနှစ်၂ခုအတွင်း အမြင့်ဆုံးရေအမှတ်ကို ရောက်ရှိနေတယ်လို့ နိုင်ငံပိုင် မီဒီယာက ကြေငြာထားပြီး နောက်ထပ်ရေကြီးမြေပြိုမှု အန္တရာယ်သတိပေးချက်တွေလည်း ထုတ်ပြန်ထားပါတယ်။

ဗီယက်နမ်နိုင်ငံဟာ နှစ်စဉ်တစ်ဒါဇင်ကျော် မုန်တိုင်းဒဏ် ခံစားရလေ့ရှိပြီး ရေကြီးမြေပြိုတာတွေ မကြာခဏ ဖြစ်ပွားလေ့ရှိပါတယ်။ ပြီးခဲ့တဲ့နှစ်က ဗီယက်နမ်နိုင်ငံမှာ သဘာဝဘေးကြောင့် လူပေါင်း ၁၂၀ကျော် ပျောက်ဆုံး (သို့မဟုတ်) သေဆုံးခဲ့တယ်လို့ တရားဝင်အချက်အလက်တွေက ဖော်ပြထားပါတယ်။

Ref : telegraph
Photo Credit :laprensalatina

Delta News

Read Previous

လာအိုမှာ နိုင်ငံခြားရင်းနှီးမြုပ်နှံမှု အများဆုံးအဖြစ် တရုတ်ရပ်တည်နေ

Read Next

အာရှမှာ ကိုဗစ်ရောဂါကူးစက်မှု ဆယ်သန်းကျော်ထိ မြင့်တက်လာ