ဒေါ်လာဘီလီယံချီ လက်နက်သဘောတူညီချက် ဆော်ဒီအာရေးဘီးယားနဲ့ အမေရိကန် လက်မှတ်ရေးထိုး

 

ထရမ့်ဟာ လေးလနီးပါးရှိလာပြီဖြစ်တဲ့ သူ့ရဲ့ ဒုတိယမြောက် သမ္မတသက်တမ်းမှာ အစိုးရရဲ့ အရေးပါတဲ့ လုပ်ငန်းစဉ်တခုအနေနဲ့ အမေရိကန် စီးပွားရေးကို မြင့်တင်ဖို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေကို စွဲဆောင်ရေး ကြိုးပမ်းနေတာပါ။

၁၄၊ မေ

အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်ဟာ သူ့ရဲ့ အရေးပါတဲ့ ပထမဆုံး နိုင်ငံခြားခရီးစဉ်အတွင်း အမေရိကန်ဒေါ်လာ ၁၄၂ ဘီလီယံတန်ကြေးရှိတဲ့ လက်နက်သဘောတူညီချက်ကို မေလ ၁၃ရက်နေ့မှာ လက်မှတ်ရေးထိုးလိုက်ပြီး ဆော်ဒီအာရေးဘီးယားဟာ အမေရိကန်အတွက် ခိုင်မာတဲ့ မိတ်ဖက်ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် နှစ်နိုင်ငံအစိုးရအကြား စစ်ဘက်ရေးရာ ၊ တရားရေးဌာနနဲ့ ယဉ်ကျေးမှုဆိုင်ရာ အဖွဲ့အစည်းတွေအကြား ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ဖို့ သဘောတူညီချက် တဒါဇင်ကျော်ကိုလည်း လက်မှတ်ရေးထိုးခဲ့ကြတယ်လို့ သိရပါတယ်။

ဆော်ဒီအိမ်ရှေ့မင်းသားက အဆိုပါ ရင်းနှီးမြှုပ်နှံမှု သဘောတူညီချက်တွေဟာ အမေရိကန်ဒေါ်လာ  ၁   ထရီလီယံ ထိ တန်ကြေးရှိနိုင်တယ်လို့ ပြောကြားခဲ့ပါတယ်။

နောက်ထပ်ခရီးစဉ်တွေအဖြစ် ထရမ့်ဟာ ကာတာနဲ့ ယူအေအီးနိုင်ငံတွေကို ဆက်လက်သွားရောက်မှာ ဖြစ်ပါတယ်။

ထရမ့်ဟာ လေးလနီးပါးရှိလာပြီဖြစ်တဲ့ သူ့ရဲ့ ဒုတိယမြောက် သမ္မတသက်တမ်းမှာ အစိုးရရဲ့ အရေးပါတဲ့ လုပ်ငန်းစဉ်တခုအနေနဲ့ အမေရိကန် စီးပွားရေးကို မြင့်တင်ဖို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေကို စွဲဆောင်ရေး ကြိုးပမ်းနေတာပါ။

ဆော်ဒီမင်းသား မိုဟာမက် ဘင်ဆယ်မန်ဟာ သမ္မတထရမ့်ကို နွေးထွေးစွာ ကြိုဆိုခဲ့ပြီး ဆော်ဒီရိုးရာ ကော်ဖီနဲ့လည်း တည်ခင်းဧည့်ခံတယ်လို့လည်း ဆိုပါတယ်။ အမေရိကန် သမ္မတ ထရမ့်ကတော့ “ကျွန်တော်တို့ တစ်ယောက်ကိုတစ်ယောက် ခင်မင်နှစ်သက်ကြပါတယ်”လို့ မှတ်ချက်ပေးခဲ့ပါတယ်။

ဆော်ဒီခရီးစဉ်အတွင်းမှာ Elon Musk အပါအဝင် OpenAI ရဲ့ အမှုဆောင်အရာရှိချုပ် Sam Altman ၊ BlackRock ရဲ့ အမှုဆောင်အရာရှိချုပ် Larry Fink နဲ့ Nvidia ရဲ့ အမှုဆောင်အရာရှိချုပ် Jensen Huang တို့လည်း လိုက်ပါလာပြီး စီးပွားရေး ခေါင်းဆောင်တွေ တွေ့ဆုံပွဲ တခုကို ကျင်းပခဲ့ကြပါတယ်။

စီးပွားရေးဆိုင်ရာ အဆင့်မြင့်အရာရှိတွေရဲ့ အဆိုပါ တွေ့ဆုံပွဲဟာ ဉာဏ်ရည်တုနည်းပညာ AI စွမ်းရည်မြင့်တင်ပြီး ရေနံကြွယ်ဝတဲ့ ဆော်ဒီနိုင်ငံ စီးပွားရေးကို ပိုမိုကွဲပြားစေဖို့အတွက် ရည်ရွယ်တယ်လို့ သိရပါတယ်။

အဆိုပါ ခရီးစဉ်အတွင်းမှာ မစ္စတာ Huang က သူ့ရဲ့ နောက်ဆုံးပေါ် AI Chip ၁သောင်း ၈ထောင်ကျော်ကို ဆောဒီကုမ္ပဏီ Humain ဆီ ရောင်းချသွားမယ်လို့လည်း  ကြေညာခဲ့ပါတယ်။

Ref – BBC