ဗိုင်းရပ်စ် ကူးစက်မှု အရေအတွက်ဟာ လက်ရှိမှာ မြင့်တက်လာနေပေမယ့် ယေဘုယျအားဖြင့် အပျော့စား ရောဂါ လက္ခဏာတွေ ဖြစ်နိုင်တယ်လို့ အသိပေးထားတာပါ။
၁၃၊ မေ
ပြီးခဲ့တဲ့ သီတင်းပတ်က လူခြောက်ဦး သေဆုံးပြီးနောက် ကိုဗစ်-၁၉ ကူးစက်မှု မြင့်တက်လာမှုနဲ့ ပတ်သက်လို့ သတိပေးချက်တွေ ထိုင်းနိုင်ငံမှာ ထွက်ပေါ်လာခဲ့ပါတယ်။
ကိုဗစ် -၁၉ ကူးစက်မှုနဲ့ ပတ်သက်လို့ ရောဂါထိန်းချုပ်ရေးဌာန (DDC) ရဲ့ အချက်အလက်တွေကို ကိုးကားပြီး ချုလာလောင်ကွန်း တက္ကသိုလ်ရဲ့ ဆေးပညာဌာနက ဒေါက်တာ Thira Woratanarat က သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ပြီးခဲ့တဲ့ တနင်္လာနေ့က အသိပေးထားပါတယ်။
မေလ ၄ ရက်နေ့ကနေ ၁၀ ရက်နေ့အတွင်း လူပေါင်း ၁၆,၆၀၇ ဦး ကိုဗစ်-၁၉ ကူးစက်ခဲ့ပြီး ဒါဟာ ပြီးခဲ့တဲ့ သီတင်းပတ် အရေအတွက် ၁၄,၆၈၀ ဦးထက် ပိုမို တိုးမြှင့်လာတယ်လို့ ဆိုပါတယ်။ အဲဒီထဲက ခြောက်ဦးကတော့ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း သေဆုံးခဲ့ပြီး ယခင်မှတ်တမ်းတင်ထားတဲ့ သီတင်းပတ်တွေထက် နှစ်ဆတိုးလာတာဖြစ်တယ်လို့လည်း သိရပါတယ်။
တချိန်တည်းမှာ ချူလာလောင်ကွန်းတက္ကသိုလ်ရဲ့ ကလေးအထူးကုဌာနက ရောဂါပိုးမွှားဗေဒပညာရှင် ဒေါက်တာ Yong Poovorawan ကလည်း ကိုဗစ်-၁၉ နောက်ဆုံး အမျိုးအစားကွဲတွေဟာ ကူးစက်မြန်တဲ့ သဘောရှိပြီး ပိုမိုပျော့ပျောင်းတဲ့ လက္ခဏာတွေရှိတာကြောင့် အသက်ရှုလမ်းကြောင်းဆိုင်ရာ တခြား ရောဂါတွေလို ကုသနိုင်တယ်လို့ မှတ်ချက်ပြုထားပါတယ်။
ဒါကြောင့် ဗိုင်းရပ်စ် ကူးစက်မှု အရေအတွက်ဟာ လက်ရှိမှာ မြင့်တက်လာနေပေမယ့် ယေဘုယျအားဖြင့် အပျော့စား ရောဂါ လက္ခဏာတွေ ဖြစ်နိုင်တယ်လို့ အသိပေးထားတာပါ။ လေ့လာမှုအရ ကိုဗစ်-၁၉ မျိုးကွဲတွေဟာ လျင်မြန်စွာ ပြောင်းလဲနိုင်ပြီး ဗိုင်းရပ်စ်မျိုးကွဲများစွာကိုလည်း ဖြစ်စေနိုင်တယ်လို့ သူက ပြောပါတယ်။
အရင်က ထွက်ရှိထားတဲ့ ကာကွယ်ဆေးတွေဟာ အခု ကိုဗစ်-၁၉ မျိုးကွဲတွေကို မကာကွယ်နိုင်ဘူးဆိုတဲ့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ အစီရင်ခံစာကြောင့် ဆေးရုံတွေမှာ ကိုဗစ်-၁၉ ကာကွယ်ဆေး ဝယ်ယူမှုတချို့ လျော့နည်းသွားတယ်လို့လည်း သိရပါတယ်။
လတ်တလောမှာ ကိုဗစ်-၁၉ ကူးစက်သူ အရေအတွက် များနေပေမဲ့ ရောဂါလက္ခဏာရှိနေသူတွေကို ပုံမှန်အတိုင်းဆက်လက်ကုသနေပြီး သီးသန့် ကွာရန်တင်းထားရှိတာ မရှိဘူးလို့ ဒေါက်တာ Yong Poovorawan က ပြောထားပါတယ်။
Ref – Bangkok Post