နိုင်ငံရေးငလျင်

 

ဧပြီ ၁၉

မြန်မာနိုင်ငံ အလယ်ပိုင်း မြို့ကြီးတွေဖြစ်တဲ့ စစ်ကိုင်း၊မန္တလေး ဒေသတွေကို ဗဟိုပြုပြီး မတ် ၂၈
ရက်နေ့မှာ ငလျင်ကြီး လှုပ်ခတ်ပြီးနောက် ဧပြီလ လယ်အထိ ငလျင်ငယ်တွေ ဆက်တိုက် လှုပ်ခတ်ခဲ့ပါတယ်။ ငလျင်ငယ် တွေဆိုပေမဲ့ တချို့ငလျင် တွေဟာ အင်အား အသင့်အတင့်ရှိလို့ ထိုဒေသက ပြည်သူတွေ တထိတ်ထိတ် ရှိတုန်းပါ။ ထို့အတူ ငလျင်ကြီးပြီးတဲ့နောက်မှာပဲ မြန်မာ့နိုင်ငံရေး အရွေ့ကလည်း သိသိသာသာ လှုပ်ခတ်လာတာ တွေ့ရပါတယ်။ တော်လှန်ရေး လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတို့ အပစ်အခတ်ရပ်စဲရေး ကြေညာတာ၊ အပစ်အခတ် ရပ်စဲရေး ကြေညာထားပေမဲ့ စစ်တပ်က ဗုံးကြဲတိုက်ခိုက်တာ၊ ထိုင်းနိုင်ငံမှာ ဘင်းစတက်ညီလာခံ ကျင်းပတာ၊နေပြည်တော်ကို ထိုင်းနဲ့မလေးရှား နိုင်ငံခြားရေးဝန်ကြီးတွေ ရောက်လာတာ နောက်ဆုံး တလအတွင်း မြန်မာစစ်ခေါင်းဆောင် ထိုင်းကို နှစ်ကြိမ်မြောက် သွားတာ၊ မလေးရှားဝန်ကြီးချုပ်နဲ့အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ဝန်ကြီးချုပ်နဲ့အဖွဲ့ အွန်လိုင်းကနေတွေ့ဆုံတာတွေဟာနိုင်ငံရေးငလျင်တွေ ခပ်စိပ်စိပ်လှုပ်ခတ်လာတာပါဘဲ။

ဒီနိုင်ငံရေးငလျင်တွေကြားက အင်အားအသင့်အ တင့်ရှိတယ်လို့ဆိုရမယ့် ထိုင်းနိုင်ငံမှာ မလေးရှား ဝန်ကြီးအန်နဝါနဲ့ မြန်မာစစ်ခေါင်းဆောင်ဗိုလ်ချုပ် မှုးကြီးမင်းအောင်လှိုင်တွေ့ဆုံတာ၊မလေးရှားဝန် ကြီးချုပ်နဲ့ NUGဝန်ကြီးချုပ် တွေ့ဆုံတာတွေဟာ မြန်မာ့နိုင်ငံရေးကိုဘယ်အရွေ့လောက်အထိရွေ့သွားစေမှာလဲ ဆိုတာ စိတ်ဝင်စားစရာကောင်းလှပါတယ်။

၂၀၂၀ခုနှစ်ရွေးကောက်ပွဲကိုအကြောင်းပြုပြီး
စစ်တပ်ကအာဏာရယူပြီးတဲ့နောက် နိုင်ငံအဝှမ်း
ငြိမ်းချမ်းစွာဆန္ဒပြပွဲတွေကတဆင့် လက်နက်ကိုင် တော်လှန်မှုတွေဖြစ်လာပါတယ်။ ဘက်အသီးသီးကပါ တော်လှန်ရေးထဲပါဝင်လာကြပြီးမြို့ပေါင်းများစွာနဲ့စစ်စခန်းများစွာလက်လွတ်ဆုံးရှုံးခဲ့ရပါတယ်။

ဒီအခြေအနေမှာတော်လှန်ရေးအင်အားစုတွေဘက် က ဒီမိုကရေစီနဲ့ဖက်ဒရယ်အရေးအပြင်စစ်တပ်က နိုင်ငံရေးမှအပြီးတိုင်ထွက်ခွာဖို့တောင်းဆိုထားပြီး စစ်တပ်ဘက်ကလည်း လက်နက်ကိုင်တွေအားလုံးလက်နက်စွန့်ပြီးရွေးကောက်ပွဲဝင်ကြဖို့ တောင်းဆိုပြန်ပါတယ်။

လက်ရှိအခြေအနေမှာ တော်လှန်ရေးအင်အားစု
တွေ ဧရာဝတီတိုင်းထဲအထိစစ်မျက်နှာဖွင့်လာသလို စစ်ကောင်စီကလည်းနှစ်ကုန်ပိုင်းမှာ ရွေးကောက်ပွဲ ကျင်းပဖို့တာစူထားပါတယ်။ဒီအကျပ်အတည်းထဲကို ဖျန်ဖြေရေးလုပ်ဖို့ဝင်ရောက်လာသူက အာဆီယံအလှည့်ကျဥက္ကဌ မလေးရှားနိုင်ငံပါပဲ။အာဆီယံဘုံသဘောတူညီချက်၅ရပ်ကိုစစ်ကောင်စီက မလိုက် နာခဲ့တဲ့အတွက် မလေးရှားဟာ မြန်မာစစ်ခေါင်း
ဆောင်တွေကို သဘောထားတင်းမာစွာဆက်ဆံခဲ့ပါတယ်။ အခုတော့ငလျင်ကိုအကြောင်းပြုပြီး ထိုင်းနိုင်ငံရဲ့ဘေးတီးပေးမှုကနေ ခေါင်းဆောင်နှစ်ဦးတွေ့ဆုံတဲ့အဆင့်ရောက်လာပါပြီ။အဲဒီ့အပြင် ပြီးခဲ့တဲ့အာဆီယံအလှည့်ကျဥက္ကဌနိုင်ငံအချို့NUGနဲ့ ခိုးကြောင်ခိုးဝှက်ပုံစံတွေ့ဆုံခဲ့ရတာမျိုးမဟုတ်ဘဲ တရားဝင်တွေ့ဆုံခွင့်ရတာကလည်း မလေးရှားအတွက်အမြတ်ထုတ်သွားနိုင်တာပါပဲ။

မလေးရှားဝန်ကြီးချုပ်ရဲ့နှစ်ဘက်တွေ့ဆုံမှုတွေကိုအကျယ်တဝင့်သတင်းမထုတ်ပြန်ပေမဲ့ ငလျင်အတွက်အကူအညီပေးရေးကိုအခြေခံထားပြီး ဘက်ပေါင်းစုံတွေ့ဆုံဆွေးနွေးရေးမှအပစ်အခတ်ရပ်စဲရေးအထိဦးတည်ထားကြောင်းနားလည်ရပါတယ်။

မြန်မာ့နိုင်ငံရေးဟာ စစ်အာဏာရှင်ဆိုတဲ့ကျောက် လွှာချပ်ကြီးနဲ့ ဒီမိုကရေစီနဲ့ဖက်ဒရယ်အရေးဆိုတဲ့ ကျောက်လွှာချပ်ကြီးနှစ်ခုပေါ်မှာဖင်ခုထိုင်ထားတာဖြစ်ပါတယ်။စစ်တပ်အာဏာသိမ်းလိုက်တိုင်း အဲဒီ့ကျောက်လွှာချပ်ကြီးနှစ်ချပ်ပွတ်တိုက်ကြပါတော့တယ်။နိုင်ငံမှာ ဆန္ဒပြပွဲတွေဖြစ်၊လက်နက်ကိုင်တိုက်ပွဲတွေဖြစ်ပြီးအကျဉ်းကျသူကျ၊ပြည်ပြေးဖြစ်သူဖြစ်၊ စစ်ရှောင်သူရှောင်နဲ့ အသက်သွေးချွေး စည်းစိမ်ဥစ္စာတွေပျက်စီးဆုံးရှုံးရပြီး ဆင်းရဲတွင်းနက်ရပြန်ပါတယ်။

မြန်မာမပါဝင်တဲ့ အာဆီယံရဲ့နောက်ဆုံးအကြိမ်
ထိပ်သီးအစည်းအဝေးမှာ မြန်မာနိုင်ငံဟာရွေး
ကောက်ပွဲထက် အားလုံးပါဝင်တဲ့တွေ့ဆုံဆွေးနွေးရေးကိုဦးစားပေးသင့်တယ်လို့သဘောထားထုတ်ပြန်ခဲ့ပါတယ်။စစ်ခေါင်းဆောင်တွေကဘဲငလျင်ကိုအကြောင်းပြုပြီး အာဆီယံအကူအညီတွေနဲ့ရွေး ကောက်ပွဲထွက်ရပ်လမ်းဆီ တလှမ်းခြင်းရွေ့နိုင်မလား မလေးရှားနဲ့ထိုင်းတို့ရဲ့ဘက်အားလုံးပါဝင်တဲ့တွေ့ဆုံဆွေးနွေးရေးအရွေ့ကိုရွေ့နိုင်မလားဆိုတာကိုတော့ မြန်မာ့နိုင်ငံရေးငလျင်ရဲ့ ရစ်ချတာစကေးကိုသာစောင့်ကြည့်ရမှာဖြစ်ပါတယ်။ မြန်မာပြည်သူတွေကတော့ တထိတ်ထိတ်ဖြစ်နေဆဲပါ။

#နိုင်ငံရေးငလျင် #ဆောင်းပါး #DeltaNewsAgency #DNA