ဧပြီ ၁၇
မြန်မာနှစ်ဆန်း ၁ ရက်နေ့ စစ်ကောင်စီရဲ့ လွတ်ငြိမ်းသက်သာခွင့်မှာ နိုင်ကျဉ်း ၈၀ ကျော် လွတ်မြောက်ခဲ့ပြီး ဧရာဝတီတိုင်းက တဦးသာ လွတ်မြောက်ခဲ့တယ် လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေး အကျဉ်းသားဟောင်းများ ကွန်ရက် (PPNM)က ကိုသိုက်ထွန်းဦးက ပြောပါတယ်။
“ ကျွန်တော်တို့ အခုလက်ရှိ အတည်ပြုနိုင်တဲ့စာရင်းကတော့ ၈၀ ကျော်ရှိပြီ တကယ်က ၁၁၀ ကျော်ရှိနေပြီပေမယ့် ကျန်တာတွေက အတည်မပြုနိုင်သေးလို့ပါ။ ဧရာမှာတော့ ပုသိမ်က တယောက်ပဲ ခုထိသိရပါသေးတယ် ” လို့ ဧပြီလ ၁၇ ရက် ည ၈ နာရီအချိန် က DNA ကိုဖြေကြားခဲ့ပါတယ်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့စာရင်းအရ ဧရာဝတီတိုင်းက ထောင်တွေထဲမှာ နိုင်ငံရေးအကျဉ်းသားပေါင်း ၄၇ ဦးရှိပြီး ဒီကနေ့မှာတော့ ၁ ဦးလွတ်မြောက်လာခဲ့တာဖြစ်ပါတယ်။
ဧရာဝတီတိုင်းက မအူပင်အကျဉ်းထောင်၊ ဖျာပုံအကျဉ်းထောင်၊ ဟင်္သာတအကျဉ်းထောင်၊ မြောင်းမြအကျဉ်းထောင်တို့က လွတ်မြောက် နိုင်/ကျဉ်းမရှိကြောင်းနဲ့ မြန်မာတနိုင်ငံလုံးက လွတ်မြောက်နိုင်ကျဉ်းအချက်အလက်တွေကို သေချာ စိစစ်ပြီး ထုတ်ပြန်ဖို့လုပ်နေတယ်လို့လည်း သိရပါတယ်။
“ တကယ်ကတော့ လွတ်လာတာတွေကလည်း လွတ်နီးတွေပါပဲ။ လွတ်ငြိမ်းလို့ပြောလို့တောင်မရပါဘူး။ စစ်ကောင်စီက တမင်ကို နိုင်ကျဉ်းတွေ မပါအောင် စီစဉ်ထားတာပါ ” လို့ ကိုသိုက်ထွန်းဦးက ဆိုပါတယ်။
AAPP က နောက်ဆုံး ထုတ်ပြန်ထားတဲ့ စာရင်းတွေအရ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ဖမ်း ဆီးခံခဲ့ရသူ စုစုပေါင်း (၂၉၀၃၀) ဦးရှိပြီး ယင်းအ နက် (၂၂၁၉၇) ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ် ကြောင်းနဲ့ ထိန်းသိမ်းခံနေရသူတွေထဲက (၁၀၇၆၉) ဦးဟာ ထောင်ဒဏ်ချမှတ်ခံထားရတယ်လို့ သိရပါတယ်။