အချိန်အခါမဟုတ် မိုးကြောင့် လပွတ္တာခရိုင်ထဲက စပါးခင်းတွေ ပျက်စီး

 

ဧပြီ ၁၄

မြန်မာနိုင်ငံ အလယ်ပိုင်း နဲ့ မြစ်ဝကျွန်းပေါ်ဒေသဘက်မှာ အခုရက်ပိုင်းအတွင်း အချိန်အခါ မဟုတ် မိုးဆက်တိုက် ရွာသွန်းခဲ့တဲ့ အတွက် ဖျာပုံမြို့နယ် ထဲက ဆောင်းစပါးခင်းတွေ မိုးရေဝင်ကုန်တယ်လို့ ဒေသခံတဦးက DNA ကိုပြောပါတယ်။

“မိုးက သောကြာနေ့ နေ့လည်ထဲက စရွာတာ ညနေ ၄ နာရီလောက်အထိ မရပ်ဘူး။နေ့တိုင်းလိုပဲ ၊ ဒီမန က်တော့ မနက်လေးနာရီခွဲလောက်ကတည်းက စရွာတာ ခုနှစ်နာရီလောက် ရပ်သွားတယ် ၊ အခုတော့ တိမ်ကင်းနေပါပြီ”လို့ ဖျာပုံခရိုင် မော်လမြိုင်ကျွန်းမြို့အနီးက လယ်သမားတဦးက DNA ကို ဧပြီလ ၁၃ ရက်နေ့ ညနေပိုင်းက ပြောပါတယ်။

ကပ္ပလီပင်လယ် နဲ့ ဘင်္ဂလားပင်လယ်အော် ဘက်က လေနွေးတွေနဲ့ တရုတ်ပြည်မကြီးဘက်က လေဖိ အားနည်းရပ်ဝန်းကနေ ရွှေ့လာတဲ့ လေအေးတွေ တွေ့ဆုံမှုကြောင့် လေထုမငြိမ်မသက် ဖြစ်ပေါ်ပြီး ဒီဖြစ်စဉ်ကြောင့် ဧပြီလ ၁၇ ရက်နေ့ နှစ်ဆန်း ၁ ရက် နေ့အထိ မိုးရွာသွန်းနိုင်တယ်လို့ မိုးဇလဌာနမှာ ကြေ ညာထားပါတယ်။

“လက်ရှိ အခြေအနေက လူကလည်း ငှားဖို့ မလွယ်။ လူကလည်း ရှား။ လက်ထိုးခြွေလှေ့ ကျပြန်တော့လည်း ရေစို၊ခြွေမရ ဖြစ်နေ။ ရိတ်ထားတဲ့ စပါး နေလှန်းဖို့ကျတော့လည်း နေမပူ။ ကြာရင် အပင် ပေါက်မယ်” မော်လမြိုင်ကျွန်းဒေသက လယ်သမားက ပြောပါတယ်။

ဧရာဝတီတိုင်းအတွင်း ဧပြီလ ၁၂ ရက်ခန့်က စပြီး မိုးရွာသွန်းမှုရှိခဲ့ပြီး ဟင်္သာတခရိုင်ဘက်မှာတော့ သီးထပ်စပါး မစိုက်ကြပဲ မတ်ပဲ အစိုက်များကြတဲ့ အတွက် အပျက်အစီး အဆုံးအရှုံး မရှိဘူးလို့ သိရပါတယ်။

“မတ်ပဲတွေက ဆွတ်ပြီးကြပြီ၊ တနယ်လုံးက ပဲအား လုံးလိုလို ပွဲရုံတွေဆီရောက်ကြပြီ”လို့ ဟင်္သာတခရိုင် လေးမျက်နှာမြို့နယ်က လယ်သမားတဦးက ပြောပါတယ်။

ဖျာပုံ ၊ ဘိုကလေးမြို့နယ်တွေမှာတော့ သီးထပ်စပါး ၊နွေစပါးနဲ့ ဆောင်းစပါးကို မိုးစပါးရိတ်အပြီး စိုက် ပျိုးကြကာ ဖျာပုံမြို့နယ်ထဲက မော်လမြိုင်ကျွန်း အနီးက စိုက်ခင်းတွေက အခုရက်ပိုင်း ရိတ်သိမ်းပြီး စိုက်ခင်းတချို့နဲ့ ရိတ်သိမ်းဖို့ ကျန်တဲ့စိုက်ခင်းတွေ မိုးကြောင့် ဆုံးရှုံးမှု့တွေ ကြုံတွေ့နေကြရတာပါ။

“မရိတ်ရသေးတဲ့ အခင်းတွေက ပြားကပ်နေပြီး ၊ ရိတ်ခြွေငှားပြန်ရင်လည်း အလေအလွင့်က များတော့မှာ၊ ရိတ်ခြွေဈေးကလည်း တဧကကို နှစ်သိန်း ၊ စပါးက အခုအခြေအနေက ရလှမှ တဧက ခြောက် ဆယ် ခုနှစ်ဆယ်ပဲ”လို့ဆိုပါတယ်။

လက်ရှိအချိန်မှာ စပါးဈေးကွက် ပျက်နေပြီး နွေစပါး အသစ်ကိုရော ၊ မိုးစပါး အဟောင်းကိုပါ ဈေး ကွက်မှာ အဝယ်အေးနေချိန် အချိန်မဟုတ်မိုးကြောင့် လယ်သမားတွေဘက်က ကုန်ထုတ်စားရိတ် ထပ်တိုးကုန်မယ့် အခြေအနေကို ရင်ဆိုင်နေကြရတာ ဖြစ်ပါတယ်။