မတ်လ ၃၀
မတ်လ ၂၈ ရက်နေ့က စစ်ကိုင်းကို ဗဟိုပြုပြီးလှုတ်ခတ်သွားခဲ့တဲ့ ငလျင်ကြောင့် သေဆုံးခဲ့ရတဲ့ အစ္စလာမ် ဘာသာဝင်တွေဟာ စစ်ကိုင်းမြို့က သူတို့ရဲ့ သုဿန်မှာ သဂြိုလ်ခွင့် မရလို့ မန္တလေးထိ သွား ရောက် သင်္ဂြိုလ်နေရတယ်လို့ သိရပါတယ်။
“ နာရေးလုပ်ဖို့ သင်္ဂြိုလ်ဖို့က ဘယ်ဘာသာမဆိုခက်သွားတာဆိုပေမယ့် ကျန်ဘာသာဝင်တွေကျတော့ အဆင်ပြေမယ့်နေရာတွေမှာ မြုပ်လိုက်လို့ရပေမယ့် အစ္စလာမ်ကကျမရဘူးဖြစ်တာပေါ့နော်။
ပြီးတော့ သူတို့က လမ်းသာပိတ်ထားတာ ကယ် ဆယ်ရေးကျတော့ လာလုပ်တာလည်း မမြင်ဘူး ” လို့ ဒေသခံဖြစ်ပြီး မိသားစုဝင် ဆုံးရှုံးထားပေမယ့် ကယ်ဆယ်ရေးမှာ ဝိုင်းဝန်းလုပ်ဆောင်နေသူ တဦးက DNA ကိုပြောပါတယ်။
စစ်ကိုင်းက အစ္စလာမ် သင်္ချိုင်းအပါအဝင် သုဿန်တွေဆီ သွားရာလမ်းဟာ စစ်ဇုန်ဖြစ်နေတယ်ဆိုတဲ့ အကြောင်းပြချက်ကြောင့် စစ်ကောင်စီက လမ်း ပိတ်ထားခဲ့တာ လနဲ့ချီကြာမြင့်နေခဲ့ပြီဖြစ်ပါတယ်။
ဒါပေမယ့် လက်ရှိကာလမှာ ငလျင်ကြောင့် လူပေါင်းရာနဲ့ချီ သေဆုံးပြီး မြန်မြန်ဆန်ဆန် သင်္ဂြိုလ်နိုင်ဖို့ လိုအပ်နေချိန်ဖြစ်သလို တော်လှန်ရေး အင် အားစုတွေဘက်ကလည်း အပစ်ခတ်ရပ်ဆဲထားမယ်ဆိုတဲ့ သတင်းတွေ ထုတ်ပြန်ထားတာကြောင့် စစ်ကိုင်းငလျင်မှာ ကူညီကယ်ဆယ်ရေး လုပ် ဆောင်နေကြသူတွေက လမ်းပိတ်ထားတာကို ဖွင့် ပေးစေချင်နေကြပါတယ်။
ငလျင်လှုတ်ခတ်ခဲ့တဲ့နေ့ဟာ သောကြာနေ့ဖြစ်နေတာကြောင့် ဗလီတွေအတွင်းမှာ ဝတ်ပြုနေကြသူတွေ အများအပြား ထိခိုက်သေဆုံးခဲ့ပြီး စစ်ကိုင်းမြို့တွင်းက ဗလီတွေ ၈၀ ရာခိုင်နူန်းလောက် ပြိုကျခဲ့ပြီး ဗလီအတွင်းမှာ သေဆုံးသူ ၄၀၀ ဝန်းကျင်ရှိနိုင်တယ်လို့ ခန့်မှန်းချက်တွေ ရှိနေပါတယ်။
“ ကျွန်တော်တို့ ရပ်ကွက်က ဗလီ ၃ ခုကနေတော့ Death Body ၅၀ ကျော်ပြီ။ အကုန်လုံးကို မန်းလေးကို ပို့ပြီး သင်္ဂြိုလ်တယ်။ ပို့တဲ့အခါမှာလည်း နာကူဝတ်စုံတွေနဲ့ မဟုတ်ရင် တံတားကိုရော ဇက်ကိုရော ပေးမဖြတ်ဘူးဆိုတော့ ပိုအချိန်ကုန် စိတ်ညစ်ရတာပေါ့ဗျာ ” လို့ မိသားစုဝင် ဆုံးရှုံးထားတဲ့ ကူညီကယ်ဆယ်ရေး လုပ်ဆောင်နေသူက ပြောပါတယ်။
လက်ရှိမှာ တရုတ်၊ ထိုင်းနဲ့ စင်္ကာပူက ကူညီကယ် ဆယ်ရေးအဖွဲ့တွေ မန္တလေးကို ရောက်ရှိနေပြီး စစ် ကိုင်းမှာတော့ မတွေ့ရသေးပါဘူး။ ဒါ့အပြင် စက်ယန္တရားတွေလည်း မရှိတာကြောင့် လူအင်အားကိုသာ သုံးပြီး ကယ်နေရတာကြောင့် ရက်ကြာလာတာနဲ့အမျှ အနံ့ဆိုးတွေထွက်ရှိလာနေပြီဖြစ်တယ်လို့ သိရပါတယ်။
မတ်လ ၂၉ ရက်၊ မြန်မာစံတော်ချိန် ည ၈ နာရီထိ ရရှိထားတဲ့ အချက်အလက်တွေအရ နိုင်ငံတဝှမ်း ငလျင်ကြောင့် သေဆုံးသူ စုစုပေါင်း ၁၆၄၄ ဦး၊ ထိခိုက်ဒဏ်ရာရသူ ၃၄၀၈ ဦးနဲ့ ပျောက်ဆုံးနေသူ ၁၃၉ ဦးရှိနေပြီလို့ သိရပါတယ်။
အမေရိကန်အစိုးရ ဘူမိဗေဒစစ်တမ်း (USGS) ကတော့ ငလျင်ကြောင့် မြန်မာမှာ သေဆုံးသူ တသောင်းကနေ တသိန်းအထိ ရှိနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
-စစ်ကိုင်းရဲ့ ၃၀ ရက်နေ့ နောက်ဆုံးရ အခြေအနေ-
· စစ်ကိုင်းမှာ ယခုအချိန်ထိ စက်ယန္တရားတွေနဲ့ ကယ်ဆယ်ရေး မလုပ်နိုင်သေး။ လူအင်အားနဲ့သာ DB ဖော်တာ ကယ်ဆယ်တာ လုပ်နေရ။
· အပြိုအပျက်တွေကြားက အနံ့ဆိုးတွေထွက်လာနေပြီဖြစ်။
· သေဆုံးသူတွေကို မြုပ်နှံဖို့ သင်္ချိုင်းသွားရာလမ်းကို စစ်ကောင်စီတပ်တွေက စစ်ရေးအကြောင်းပြ ပိတ်ထား။
· သင်္ချိုင်းသွားရာလမ်းကို ပိတ်ထားတာကြောင့် အစ္စလာမ်ဘာသာဝင်တွေကို မန္တလေးဘက်ကို ပို့ပြီး သင်္ဂြိုလ်နေရ။
· စစ်ကိုင်းဘက်ကနေ မန္တလေးဘက် အဝင်မှာ နာရေးနဲ့ဝင်ရင် နာကူဝတ်စုံဝတ်ထားသူများကိုသာ ဝင်ခွင့်ပြု
· ထိခိုက်ဒဏ်ရာရသူတွေအတွက် ဆေးဝါး၊ရေ နဲ့ အစားအသောက် လုံလောက်ခြင်းမရှိ။
· အင်အားအသင့်အတင့်ရှိတဲ့ နောက်ဆက်တွဲ ငလျင်ဒဏ်တွေကို ဆက်တိုက် ခံစားနေရ။
· စစ်ကိုင်းတောင်ရိုးနဲ့ စာသင်ကျောင်းတွေ၊ ဗုဒ္ဓဘာသာ စာဖြေဌာနတွေကို ကယ်ဆယ်ရေးတွေ မရောက်သေး။
· ရွှေဘိုဘက်က လူအင်အားကူညီမှုတွေ လာပေမယ့် အင်အားအနည်းငယ်သာရှိနေသေး။
ငလျင်ဒဏ်ကြောင့် စစ်ကိုင်းမြို့ အမှတ်(၁)ရဲစခန်း အချုပ်သားဆောင် တိမ်းစောင်းသွားသဖြင့် အကျဉ်းသူ ၄၀ ဦးကို ဒီကနေ့မှာ အိုးဘိုထောင်သို့ ပြောင်းရွေ့။
· စစ်ကိုင်းတံတားဟောင်းပြိုကျ၊ တံတားသစ်ပျက်ဆီးနေပေမယ့် အသေးစားယာဉ်တွေနဲ့ သွားလာလို့ရနေ။
· နိုင်ငံတကာ ကူညီကယ်ဆယ်ရေးတွေ စစ်ကိုင်းကိုမရောက်သေး။
· တော်လှန်ရေး အင်အားစုတွေ စိုးမိုးထားတဲ့ နယ်မြေတွေထဲက ကယ်ဆယ်ရေးလုပ်မယ့်သူတွေကို ဝင်ခွင့်မပြု
#အစ္စလာမ် #စျာပန #စစ်ကိုင်း #ပြုလုပ်ခွင့်မရ #DeltaNewsAgency